မွန်ပြည်သစ်ပါတီကို ပြည်နယ်အစိုးရအဖွဲ့ ကန့်ကွက်စာပို့


2019.03.27
objection-to-nmsp-622.jpg မွန်ပြည်နယ်အစိုးရအဖွဲ့က မွန်ပြည်သစ်ပါတီကို ကန့်ကွက်တဲ့ အကြောင်းကြားစာကို တွေ့ရစဉ်
.

နယ်မြေကျော် လက်နက်ကိုင်ဆောင်တာ၊ အစိုးရကိစ္စရပ်တွေကို ဝင်ရောက်စွက်ဖက်တာတွေ လုပ်ခဲ့တယ်ဆိုပြီး မွန်ပြည်နယ်အစိုးရအဖွဲ့က မွန်ပြည်သစ်ပါတီကို ကန့်ကွက်ကြောင်း အကြောင်းကြားစာ ပို့လိုက်ပါတယ်။

မွန်ပြည်နယ် မုဒုံရွာ အရှေ့ဖက် ၇ မိုင်ခန့်အကွာ အဘစ်-အလယ်တံခွန်တိုင်ရွာ ကားလမ်းဘေးမှာ မူးယစ်ဆေးဝါးသယ်ဆောင်လာသူတွေကို မွန်ပြည်သစ်ပါတီက မတ်လ ၂၀ ရက်နေ့မှာ ဖမ်းဆီးပြီး ရဲတပ်ဖွဲ့ကို မအပ်ဘဲ ခေါ်ဆောင်သွားတာကြောင့် မွန်ပြည်နယ်အစိုးရအဖွဲ့က ကန့်ကွက်ကြောင်းလည်း မတ်လ ၂၂ ရက်နေ့ နေ့စွဲနဲ့ အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။

မွန်ပြည်သစ်ပါတီကို နယ်မြေကျော် လက်နက်ကိုင်ဆောင်တာ၊ အစိုးရကိစ္စရပ်တွေကို ဝင်ရောက်စွက်ဖက်တာတွေ လုပ်ခဲ့တယ်ဆိုပြီး အကြောင်းကြားစာမှာ ပါဝင်ပါတယ်။

မုဒုံမြို့နယ် ကွမ်လှာရွာအခြေစိုက် မွန်ပြည်သစ်ပါတီအဖွဲ့ မုဒုံရုံးက ဗိုလ်အဆင့်ရှိ အညွှီး နဲ့အတူ ၁၅ ဦး တို့ဟာ အောင်ထက်ဇော် အပါအဝင် ၈ ဦးတို့ရဲ့ ကား၊ ဆိုင်ကယ်တွေဆီကနေ WY ဆေးပြား ၄၀၀ ကျော် ဘိန်းစာရွက် ၄ ပိဿာခန့်တို့ကို အဲဒီနေရာမှာ ဖမ်းမိပြီး သူတို့အခြေစိုက်ဌာနဆီ ခေါ်သွားတယ် အစိုးရရဲ့ အကြောင်းကြားစာအရ သိရပါတယ်။

မူးယစ်ဆေးဝါးဖမ်းဆီးရေးကိစ္စတွေမှာ အစိုးရနဲ့အတူ ပူးပေါင်းလုပ်ဆောင်ဖို့၊ ဖမ်းမိထားတဲ့ မူးယစ်ဆေး ဝါးတွေနဲ့ တရားခံတွေကိုလည်း ရဲတပ်ဖွဲ့ဆီ ပြန်လည်အပ်နှံဖို့ စတဲ့ဥပဒေကြောင်းပိုင်းဆိုင်ရာ နည်းလမ်းတွေနဲ့သာ လုပ်စေချင်တာလို့ မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး က RFA ကို ပြောပါတယ်။

မွန်ပြည်သစ်ပါတီဟာ အစိုးရနဲ့ NCA လက်မှတ်ထိုးပြီးသားအဖွဲ့ဖြစ်ပြီး အခုလုပ်ရပ်ဟာ NCA ပါအချက် တွေနဲ့ မကိုက်ညီလို့ ကန့်ကွက်တာဖြစ်ကြောင်း၊ လာမယ့် NCA အစည်းအဝေးတွေမှာ ဒီအကြောင်းအရာတွေ တင်ပြမယ်လို့ ဗိုလ်မှူးကြီး နေထွဋ်ဦး က ပြောပါတယ်။

မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဋ္ဌ နိုင်ဟံသာ ကတော့ ပြည်နယ်အစိုးရဖက်က ကန့်ကွက်တယ်ဆိုရင် ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလကမှ အစိုးရနဲ့ NCA စာချုပ် လက်မှတ်ထိုးထားတဲ့ မွန်ပြည်သစ်ပါတီဟာ ဒေ သတွင်း မူးယစ်ဆေးဝါး နှိမ်နင်းရေးအတွက် ဖမ်းဆီးအရေးယူနေတာဟာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်တာမရှိလို့ ကန့်ကွက်တယ်ဆိုပြီး မွန်ပြည်နယ်အစိုးရအဖွဲ့က အကြောင်းကြားတာဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီအနေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တယ်ဆိုပေမယ့်လည်း NCA အချက်အလက် တွေအရ သတ်မှတ်နယ်မြေကျော်လွန်ပြီး လက်နက်ကိုင်သွားလာခြင်းတွေကို ခွင့်ပြုလို့မရဘူးလို့လည်း အဲဒီအကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။

မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက မွန်ပြည်သစ်ပါတီ လက်နက်ကိုင်အဖွဲ့အနေနဲ့ မူးယစ်ဆေးဝါးဖမ်းဆီးရမိတဲ့အမှုတွေကို ဥပဒေအရဆောင်ရွက်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်စေချင်တာလို့ RFA ကို ပြောပါတယ်။

"ဖမ်းတဲ့ဟာကို ကျွန်တော်တို့က အပြစ်ပြောတာမဟုတ်ပါဘူး၊ ဖမ်းပြီးသွားရင် ဥပဒေကြောင်းပိုင်းအရ အရေးယူနိုင်ဖို့ သက်ဆိုင်ရာ ရဲတို့ဆီ စနစ်တကျ အပ်နှံမယ်ဆိုရင် ပြောစရာအကြောင်းမရှိဘူး၊ ဒါမှမ ဟုတ် မဖမ်းခင်ကတည်းက ရဲနဲ့ပူးပေါင်းမယ် ဒီလိုသတင်းရတယ် သွားမယ် ဖမ်းကြမယ်ဟေ့ဆိုရင် လည်း တစ်လက်စတည်း ပြီးတာပေါ့၊ လက်ရှိ တည်ဆဲဥပဒေအရ နေရမယ်ဆိုတာလည်း ပါပြီးသားပါ၊ အဲလိုမျိုးဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့က အားပေးပါတယ် ကူညီဖို့လည်း အသင့်ပါပဲ သူတို့က ဘာမှလည်းမပြောဘဲနဲ့ လုပ်တဲ့အခါ ဘယ်လိုလုပ်ကူညီရမလဲ၊ အဲလို စနစ်တကျလေး ဆောင်ရွက်မယ်ဆိုရင် ကန့်ကွက်ရန်လည်း မရှိဘူး၊ သဘောတူလက်ခံလို့လည်း ရတယ် သဘောတူလက်မခံစရာအကြောင်းလည်းမရှိပါဘူး"

မွန်ပြည်သစ်ပါတီဖက်ကတော့ ဒီကနေ့ နေ့လယ်ပိုင်းအချိန်အထိ အကြောင်းပြန်ထားတာမရှိသေးဘူးလို့ လည်း ဗိုလ်မှူးကြီး နေထွဋ်ဦး က ပြောပါတယ်။

အခုလို ပြည်နယ်အစိုးရဖက်က ကန့်ကွက်တယ်ဆိုရင်တော့ ညှိုနှိုင်းဖို့တော့ရှိတယ်လို့ မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဋ္ဌ နိုင်ဟံသာက ပြောပါတယ်။

"ဥပမာ နယ်မြေနဲနဲကျော်လို့ ဖမ်းတဲ့ကိစ္စကိုလည်း ဒါနားလည်ပေးဖို့သင့်တယ်လို့ မြင်တယ် ဘာဖြစ်လဲ ဆိုတော့ ဒါက အန္တရာယ်ကို ကာကွယ်တာပဲ။ ကိုယ့်ပြည်သူတွေအားလုံးကို လူငယ်တွေကျောင်းသား တွေရဲ့ တစ်ဖက်က ကာကွယ်တယ် အနာဂတ်အတွက်ပေါ့ ကိုယ့်တိုင်းပြည်ကောင်းစားရေးအတွက် ကျွန်တော်တို့လူတွေလည်း ဖမ်းလို့ရနိုင်တဲ့နေရာ ဥပမာ အပြင်မှာပဲ ရှိနေတယ်။ အပြင်မှာကနေ အထဲကို တိတ်တခိုးနဲ့ဝင်လာမှာကိုး။ အဲဒီတော့ မိနိုင်တဲ့နေရာမှာတော့ အဆင်ပြေသလို ဝင်ဖမ်းရတဲ့ အနေအထားမျိုးကနေ ဒါပေမဲ့ အစိုးရဖက်ကနေ ဒီလိုကန့်ကွက်ရင်တော့ သွားပြီးတော့ညှိနှိုင်းရမယ် ဆွေးနွေးရမယ်လေ ဒီကိစ္စမှာ နဲနဲသဘောထားကြီးဖို့လိုတယ်၊ လမ်းကျယ်ကျယ် ဖွင့်ထားဖို့လိုတယ်၊ ဒါမှဒီကိစ္စကာ ကွယ်နိုင်မယ်"

မွန်ပြည်နယ်ထဲမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သုံးစွဲနေကြတာတွေ နေရာအတော်များများ မှာ ရှိနေတဲ့အတွက် စိုးရိမ်ဖွယ်ရာ အခြေအနေမှာ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲကြသူတွေထဲမှာ အခြေခံပညာအဆင့် ကျောင်းသား လူငယ်အရွယ်တွေကတောင် သုံးစွဲနေကြတဲ့အထိ ရောက်နေတယ်လို့လည်း ပြောကြပါတယ်။

မုဒုံကျေးရွာအရှေ့ဖက် ၇ မိုင်ခန့်အကွာ အဘစ်လမ်းဟာ မူးယစ်ဆေးဝါးတွေ သယ်ဆောင်ရာလမ်း ကြောင်းအဖြစ် ဆယ်စုနှစ် တစ်ခုစာလောက်အထိတောင် ဖြစ်နေပြီလို့ ဒေသခံတွေပြောပြချက်အရ သိ ရပါတယ်။

အစိုးရဖက်ကလည်း ထိထိရောက်ဖမ်းဆီးတာတွေ လုပ်စေချင်သလို မွန်လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ လည်း ပူးပေါင်းလုပ်ဆောင်တာ အကောင်းဆုံးဖြစ်မယ်လို့ ယူဆတယ်လို့လည်း ပြောကြပါတယ်။

မွန်ပြည်နယ်အရပ်ဖက် လူမှုအဖွဲ့အစည်းများ ကွန်ရက် ညှိနှိုင်းရေးမှူး မင်းကောင်ထူး က အခုလိုပြောပါတယ်။

"မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးပြောရရင်တော့ ဒီမွန်ဒေသမှာတော့ တော်တော်လေးကို ဆိုးဆိုးဝါးဝါး ဖြစ်နေတဲ့အခါကျတော့ သူတို့လည်းပဲ ဧရိယာထဲမှာ လက်လှမ်းမီသလောက်ကို ဖမ်းဆီးတဲ့ဟာမျို့း ကျွန်တော်တို့မြင်တာကတော့ နှစ်ဖက်ပေါ့လေ။ ပူးပေါင်းဆောင်ရွက်တာလုပ်ဖို့မြင်တယ်၊ အစိုးရနဲ့ရော မွန်ပြည်သစ်ပါတီအနေနဲ့ရော ဒီကိစ္စမျိုးမှာ အတူပူးပေါင်းဆောင်ရွက်ဖို့ အပေါ်စီးကနေ ခြိမ်းခြောက်တာ မျိုး ပြောတာမျိုးမဟုတ်ဘဲနဲ့ အချင်းချင်းညှိနှိုင်းလုပ်ရင်တော့ အဆင်ပြေတယ် အဲလိုမှမဟုတ်ရင် တစ် ဖက်က ပြည်သူက ဘာမြင်လဲဆိုရင် မူးယစ်ဆေးဝါးဖမ်းတာ ကောင်းတဲ့အလုပ်ပဲ အစိုးရကဘာကြောင့် ကန့်ကွက်ရတာလဲ မြင်လာမယ် တရားခံအပ်တယ်ဆိုတာကလည်း မွန်ပြည်သစ်ပါတီဖက်က ပြန်ကြည့် ရင် သူတို့မှာလည်း အုပ်ချုပ်မှုပုံစံ သူ့ရဲ့တရားစီရင်ရေးပုံစံ ရှိတယ်လေ ဘယ်လက်နက်ကိုင်တပ်ဖွဲ့မဆို ရှိတယ်လေ သူတို့အချင်းချင်းကြားမှာ အပ်ရင်လည်း အပ်နိုင်တာပေါ့"

ဒါကတော့ မွန်ပြည်နယ်ထဲ မွန်ပြည်သစ်ပါတီက NCA ပါ စာချုပ်အချက်အလက်တွေကို မလိုက်နာလို့ ပြည်နယ်အစိုးရအဖွဲ့က ကန့်ကွက်တဲ့ အကြောင်းကြားစာ ပေးပို့တဲ့အကြောင်း နားဆင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။