တစ်နှစ်အတွင်း ဆောင်ရွက် ချက်တွေကို အစိုးရအဖွဲ့တာဝန်ရှိ သူတွေ အစိုးရရုပ်သံကနေ ရှင်းလင်းပြောကြားရမည်


2017.02.19
nankhinhtwemyint-620.jpg မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှာ မဲဆွယ်စည်းရုံးရေးအတွက် ရောက်ရှိနေတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသက်တမ်း တစ်နှစ်အတွင်း ဆောင်ရွက်ခဲ့တာတွေကို လာမယ့် မတ်လ ဆန်းမှာ ပြည်ထောင်စုဝန်ကြီးတွေနဲ့ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်တွေဟာ မြန်မာရုပ်မြင်သံကြား MRTV ကနေ အသိပေးပြောကြားဖို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။

တစ်နှစ်အတွင်းဆောင်ရွက်ချက်တွေကို စုစည်းခိုင်းထားပြီး တစ်နိုင်ငံလုံးက ပြည်သူတွေကို ရုပ်မြင်သံကြားကနေ တိုက်ရိုက်အသိပေးပြောခိုင်းထားတယ်လို့ မနေ့က မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှာ မဲဆွယ်စည်းရုံးရေး အတွက် ရောက်ရှိနေတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။

"ဖေဖော်ဝါရီလကုန်တွင် ဝန်ကြီးချုပ်တွေဟာ ၁ နှစ်အတွင်း ဘာတွေလုပ်တာလဲ  ပြည်သူလူထုကို ပြောရ မယ်၊ ပြောရတော့မယ်ဆိုပြီး ကျမတို့ဟာ  လိမ်ဆင်ပြီးပြောလို့မရဘူးနော်၊ မြန်မာ့အသံကနေလွှင့်မှာ ဆိုတော့  မှန်မှန်ကန်ကန် တိတိကျကျကို မပြောရဘူးလား၊ ပြောရတယ်၊  စကားလေးတစ်လုံးလွဲလိုက်တာ နဲ့ တစ်တိုင်းပြည်လုံး ဝိုင်းပြီးတော့  စုပြီးတော့ဆဲမှာ၊ အဲဒီတော့ ကျမတို့က ဘာတွေလုပ်ထားလဲ တကယ့်အမှန်  အကန်တွေကိုပဲ ကျမတို့က ချပြရမယ်၊ ၁ နှစ်အတွင်းမှာ ဘာတွေထူးခြားလဲဆိုတာ၊  မနေ့တစ်နေ့က ၁ဝ ရက်ပေးတယ်၊ ကျမအတွက်တော့ နည်းတယ်လို့၊ ကရင်ပြည်နယ်က ၅  ရက်လို့၊ အမှန်တော့ အဲလောက် မရှိပါဘူးနော်၊ ၁ နှစ်ပဲလေ ဒီဟာကို  ပြုစုနေရတာနဲ့ဘာနဲ့ပေါ့နော်၊ အဲဒီတော့ ကျမပြောချင်တာ က ချောင်းဆုံမှာတော့  မီးရတယ်လို့၊ ကျမတို့မှာ ၇ မြို့နယ်မှာ ၃ မြို့နယ်ပဲရတယ်"

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အစိုးရဖွဲ့စည်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီတစ်နှစ်အတွင်း ပြည်ထောင်စုဝန်ကြီးတွေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေရဲ့ ဆောင်ရွက်ချက်တွေ၊ အပြောင်းအလဲတွေကို ပြည်သူကို အသိပေးတာလည်းဖြစ်ပါတယ်။

ဒီတစ်နှစ်အတွင်း လုပ်ဆောင်မှုအားနည်းတဲ့ ပြည်ထောင်စုအဆင့်နဲ့ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကို လာမယ့် ဧပြီလ မဟာသြင်္ကန်ပိတ်ရက် မတိုင်ခင် အပြောင်းအလဲလုပ်ဖို့ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။