လာဘ်ငွေတောင်းယူတဲ့ ဦးစီးမှူးကို နယ်ပြောင်းရွှေ့တာဝန်ချ
2017.10.16
မွန်ပြည်နယ် လွှတ်တော်ရုံး ဝန်ထမ်းသစ်တွေဆီကနေ လာဘ်ငွေတောင်းယူတယ်ဆိုပြီး တိုင်ကြားခံထားရတဲ့ လွှတ်တော်ရုံး ဦးစီးမှူးကို တဆင့်နိမ့်ရာထူးနဲ့ ကရင်ပြည်နယ်မှာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အရေးယူလိုက်ပါတယ်။
ဝန်ထမ်းစည်းမျဉ်းဥပဒေအရ အရေးယူလိုက်တာဖြစ်တယ်လို့ မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမြင့် က ပြောပါတယ်။
"ဝန်ကြီးဌာနအမိန့်နဲ့ ဦးစီးအရာရှိကနေ အဆင့်တဆင့်လျော့ချပြီးတော့ ကရင်ပြည်နယ်ကို ပြောင်းပေးလိုက်ပါပြီ၊ အရေးယူလိုက်ပါပြီ"
ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က အတည်ပြုခန့်အပ်ခဲ့တဲ့ မွန်ပြည်နယ်လွှတ်တော်ရုံး အငယ်တန်းစာရေး ၉ ဦးဆီကနေ လွှတ်တော်ရုံး ဦးစီးမှူး အပါအဝင် ၃ ယောက်က ငွေကျပ်သုံးသိန်းစီ တောင်းယူခဲ့တယ်လို့ ငွေတောင်းခံရသူ တစ်ယောက်က တိုင်ကြားခဲ့တာဖြစ်ပါတယ်။
အဲဒီတိုင်ကြားမှုကြောင့် မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနဲ့ အထွေထွေကိစ္စရပ်များ ကော်မတီက စစ်ဆေးခဲ့ရာ ငွေသုံးသိန်းတောင်းယူတာ မှန်ကန်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုစစ်ဆေးပေါ်ပေါက်မှုအရ လာဘ်ငွေတောင်းတဲ့ ဦးစီးမှူးကို အရေးယူပေးဖို့ ပြည်နယ်လွှတ်တော်ဥက္ကဌက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံ စာပို့ထားတာဖြစ်ပါတယ်။
စစ်ဆေးမှုတွေပြုလုပ်နေစဉ်မှာ လွှတ်တော်ရုံးဦးစီးမှူးဆိုသူဟာ မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ ဦးစီးမှူး တာဝန်ပြန်လည်ထမ်းဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။