မွန်အမျိုးသားညီလာခံမှာ မွန်တစ်ပါတီတည်းဖြစ်ရေး ဆွေးနွေးမည်


2017.12.05
mon-party-622.JPG မွန်ညီညွှတ်ရေးအဖွဲ့ ဒီဇင်ဘာလ ၅ ရက်နေ့က ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းစဉ်
Photo: Thant Zin Oo/RFA

မွန်နိုင်ငံရေးပါတီ တစ်ခုတည်းဖြစ်ရေးအတွက် အကြိမ်ကြိမ်ညှိနှိုင်းမှုတွေ ရှိခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် လာမယ့် ဇန်နဝါရီလမှာ ကျင်းပမယ့် မွန်အမျိုးသားညီလာခံမှာ ဆွေးနွေးဆုံးဖြတ်ကြမယ်လို့ မွန်ညီညွှတ်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး နိုင်စိုးအောင် က ဒီနေ့ ပြောပါတယ်။

မွန်နိုင်ငံရေးပါတီများ ညီညွတ်ရေး တည်ဆောက်မှု ညှိှနှိုင်းရေးအဖွဲ့က ဒီကနေ့ ရန်ကုန်မြို့၊ ရွှေတိ ဂုံစေတီတော် တောင်ဘက်မုဒ်အနီးမှာရှိတဲ့ မွန်ဓမ္မာရုံမှာ ရန်ကုန်မြို့မှာရှိတဲ့ မွန်ရဟန်းသံဃာတော်တွေ၊ မွန် မိဘပြည်သူတွေနဲ့ မွန်လူငယ်လူရွယ်တွေကို တွေ့ဆုံပြီး လက်ရှိ ညှိနိုှင်းရေးအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ရှင်းလင်းခဲ့ပါတယ်။  အဲဒီရှင်းလင်းပွဲအပြီးမှာ နိုင်စိုးအောင်က အခုလိုပြောတာဖြစ်ပါတယ်။

"ဘာကြောင့် မပူးပေါင်းနိုင်ဘူးလဲဆိုတော့ ပါတီခေါင်းဆောင်ပိုင်းတွေမှာ သူတို့အသိဆုံးပါပဲ၊ ကျနော်တို့ကတော့ အတတ်နိုင်ဆုံးပူးပေါင်းနိုင်အောင် ညှိနှိုင်းပေးတယ်၊ ကျနော်တို့ကျင်းပတဲ့ ညီလာခံမှာဘာဖြစ်လာနိုင်လဲဆိုတာက ကိုယ်စားလှယ်တွေရဲ့အဆုံးအဖြတ်ပေါ်မှာပဲမူတည်တယ်၊ ကျနော်တို့အဖွဲ့နဲ့တော့ မသက်ဆိုင်ပါဘူး၊ ကိုယ်စားလှယ်က ဆုံးဖြတ်တဲ့အပေါ်မှာပဲ မူတည်ပါတယ်"

မွန်အမျိုးသားညီလာခံမတိုင်ခင် မွန်ပါတီခေါင်းဆောင်တွေနဲ့ ထပ်မံတွေ့ဆုံပြီး ညှိနှိုင်းမှုတွေ ထပ်လုပ်သွားဖို့ ရှိတယ်လို့လည်း နိုင်စိုးအောင် က ပြောပါတယ်။

ညီညွတ်ရေးအဖွဲ့ဟာ ၂၀၁၆ ခုနှစ်ကတည်းက မွန်အမျိုးသားများ စည်းလုံးညီညွတ်ရေးနဲ့ မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုတဲ့ မွန်နိုင်ငံရေးပါတီ တစ်ပါတီတည်းဖြစ်လာရေး ကြိုးပမ်းလုပ်ဆောင်နေတာဖြစ်ပါတယ်။ မွန်ညီညွတ်ရေးအဖွဲ့၊ မွန်လူငယ်ဖိုရမ်၊ ရာမညအင်အားစု၊ မွန်အမျိုးသားရေး လိုလားသူများအဖွဲ့ စတဲ့အဖွဲ့ ၄ဖွဲ့က မွန်ညီလာခံဖြစ်မြောက်ရေးအတွက် ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း တေ့ွဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။