ငွေကြေးအလွဲသုံးစားမှုနဲ့ တရားစွဲခံရသူဟာ USDP က နုတ်ထွက်ထားသူလို့ ပါတီ ဥက္ကဋ္ဌ ပြော

2018-07-01
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မွန်ပြည်နယ် ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းကို တွေ့ရစဉ်
မွန်ပြည်နယ် ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

ငွေကြေးအလွဲသုံးစားလုပ်မှုနဲ့ တရားစွဲခံထားရတဲ့ မွန်ပြည်နယ် ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ အတွင်းရေးမှူး ဦးသန့်ဇင် ဟာ ပါတီကနေ နုတ်ထွက်ထားသူဖြစ်ကြောင်း ပြည်နယ်ပါတီ ဥက္ကဋ္ဌ က ဒီနေ့ ပြောပါတယ်။

ပါတီနာမည်ပါနေတဲ့အတွက် လာမယ့် ရုံးချိန်းမှာ တရားရုံးချိန်းကို တက်ရောက်ပြီး ပါတီနာမည်ကို ဘယ်လို အလွဲသုံးစားလုပ်သွားလဲဆိုတာ သွားကြည့်မယ်လို့ မွန်ပြည်နယ် ပါတီ ဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း က ပြောပါတယ်။

"သူ့လက်ထက်တုန်းက သူလုပ်သွားတဲ့ကိစ္စတွေကျတော့ ကျနော်တို့က ပါတီနဲ့ ဘယ်လိုသက်ဆိုင်မှုရှိသလဲ ဆိုတဲ့ဟာမျိုးကို ကျနော်တို့က မသိဘူးပေါ့နော်၊ ကျနော်တို့ဆီမှာ အထောက်အထားတွေလည်း ဘာမှမရှိ ဘူးပေါ့နော်၊ ကျနော်တို့ ပြည်ခိုင်ဖြိုးနာမည်ပါနေတဲ့အတွက်ကြောင့်မို့လို့ ၃ ရက်နေ့ခေါ်ထားတယ်"

ပြည်နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးဟောင်း ဦးသန့်ဇင် ဟာ Mytel Group ကုမ္ပဏီကနေ ဟန်းဆက်ဖိုး ငွေကျပ်သိန်း ၁ ထောင်ကျော် အလွဲသုံးစားလုပ်မှုကြောင့် လာမယ့် ဇူလိုင်လ ၃ ရက်နေ့မှာ တရားရင်ဆိုင်ဖို့ ကုမ္ပဏီဘက်က မနေ့က နိုင်ငံပိုင် သတင်းစာတွေမှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။

ဦးသန့်ဇင်ဟာ ပါတီကနေ ၂၀၁၆ ခုနှစ်ကတည်းက နုတ်ထွက်ထားသူဖြစ်တယ်လို့ သိရပါတယ်။ လာမယ့် ဇူလိုင်လ ၃ ရက်နေ့မှာ ဦးသန့်ဇင်ကို ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးမှာ အမှုရင်ဆိုင်ဖို့ ဆင့်ခေါ်ထားတာ ဖြစ်ပါတယ်။

Mytel Group ကုမ္ပဏီဟာ မြန်မာနိုင်ငံကို ၄ ခု မြောက်အဖြစ် ဝင်ရောက်လာတဲ့ ဆက်သွယ်ရေးကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့