သာသနိက အဆောက်အဦးတွေ အဓမ္မ ဖယ်ရှား၊ ဖမ်းဆီး

ပဲခူးတိုင်း ဥဿာမြို့သစ်အတွင်း အစိုးရပိုင်မြေပေါ်မှာ ဆောက်လုပ်ထားတဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ သီလရှင် ကျောင်း (၂၀၀) ကျော်ကို ဖယ်ရှားမယ့် အစီအစဉ်အရ ဒီကနေ့ မနက်ပိုင်းမှာ ကျောင်းတွေကို အဓမ္မ အင်အား သုံးပြီး ဆက်လက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

2012.08.18
monks-walking-b305 ရန်ကုန်မြို့အတွင် သံဃာတော်များ ဆွမ်းခံကြွနေကြစဉ်။
AFP

ကျောင်းတွေအားလုံးကို သီတင်းတစ်ပတ် အတွင်း ဖျက်သိမ်းပေးဖို့ မြို့နယ်အာဏာပိုင်တွေက အခုလ (၅) ရက်နေ့က ညွှန်ကြားခဲ့ပြီးနောက် ၁၆ ရက်နေ့ကစလို့ ဥဿာမြို့သစ် (၈) ရပ်ကွက်က ကျောင်းတွေကို စတင်ဖျက်ဆီးခဲ့တာ ဒီကနေ့အထိ ကျောင်းပေါင်း (၂၀) လောက် ဖျက်ဆီးခံထားရပြီးဖြစ်တယ်လို့ ဆွမ်းဆန်စိမ်းအလှူခံထွက်နေချိန် ကျောင်းဖျက်ဆီးခံလိုက်ရတဲ့ သီလရှင်တစ်ပါးက RFA ကို မိန့်ကြားပါတယ်။

"ဒီနေ့မနက် ၉ နာရီ အကုန်ဖျက်ပေးရမယ်ဆိုပြီးတော့ ပြောသွားတယ်။ လာဖျက်တာက ရပ်ကွက် အုပ်ချုပ်ရေးမှူး ဥက္ကဋ္ဌ ဦးမြတ်ကျော်။ သူတို့ အဖွဲ့တွေ လာဖျက်သွားတာ။ အခုသူတို့ ဖျက်နေပြီပေါ့။ ကျောင်းတွေ အများကြီးပဲ သူတို့ ဖျက်တာ။"

အဲဒီလို အာဏာပိုင်တွေဘက်က အင်အားသုံးပြီး အဓမ္မလာရောက် ဖြိုဖျက်တဲ့အခါမှာ ရဲအချုပ်ကားတွေပါ ခေါ်ဆောင်လာပြီး၊ ဖယ်မပေးလိုသူတွေကို ဖမ်းဆီးထောင်ချတာတွေလည်း မျက်မြင်ကြုံရတယ်လို့ စောစောက မယ်သီလရှင်က ဆက်ပြောပါတယ်။

"ရဲအချုပ်ကားတွေတောင် ပါတယ်။ သူတို့ရဲ့ သြဇာကို ဖီဆန်မယ်ဆိုရင် ဖမ်းမယ်ဆီးမယ် ဆိုတဲ့ အနေအထားတွေပေါ့နော်။ ဖမ်းထားတာတွေလည်း အများကြီးပဲ။ လောလောဆယ်ဆိုရင် ဆရာလေးတို့နားက ဒကာကြီးတွေ ဖမ်းထားတယ်။ ထောင်တလစီ ချလိုက်တယ်ဆိုတဲ့ အသံတွေလည်း ကြားလိုက်တယ်ပေါ့နော်။ တော်တော်ဒုက္ခရောက်နေကြတယ်။ တချို့ ဒကာတွေ သံဃာတွေဆိုလည်း ထွက်ပြေးနေရတယ်။"

အခုလို ပဲခူးတိုင်း ဥဿာမြို့သစ်က သာသနိက အဆောက်အဦးတွေ အဓမ္မဖယ်ရှား ဖျက်ဆီးနေမှုတွေနဲ့ ပတ်သက်လို့ ပဲခူးတိုင်း အစိုးရအဖွဲ့ရုံးကို RFA က ဆက်သွယ်မေးမြန်းရာမှာ ကျူးကျော် နေထိုင်မှုတွေကို ဖယ်ရှားတာဖြစ်ပြီး၊ သာသနာရေး ဝန်ကြီးဌာနကို တင်ပြပြီး ဆောင်ရွက်တာဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ဖြေကြားပါတယ်။

ဥဿာမြို့သစ်အတွင်း အခုလို အဓမ္မဖယ်ရှားခံရတဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ သီလရှင် ကျောင်းတွေဟာ အဲဒီနေရာမှာ ဆောက်လုပ်နေထိုင်လာခဲ့တာ (၅) နှစ်ကနေ အနှစ် (၂၀) အကြား သက်တမ်းရှိတယ်လို့ သိရပါတယ်။

အဲဒီနေရာတွေမှာ အစိုးရက နိုင်ငံတကာအဆင့်မီ လေယာဉ်ကွင်းနဲ့ စက်မှုဇုံ စီမံကိန်း အပါအဝင် မြို့ပြစီမံကိန်းတွေ တည်ဆောက် အကောင်အထည်ဖော်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။