ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းချက် လက်ခံဖို့ အစိုးရကို သံဃာတွေတိုက်တွန်း

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းပြည် ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့ ကမ်းလှမ်းချက်ကို လက်ခံဖို့ ပြည်တွင်းပြည်ပမှာရှိတဲ့ သံဃာ့ အဖွဲ့အစည်းတွေက ဦးသိန်းစိန် အစိုးရကို ဒီကနေ့ တိုက်တွန်းလိုက်ကြ ပါတယ်။

2011.08.02
dassk-sitagu-sayadaw-305-z ရန်ကုန်တိုင်း မြောက်-ဒဂုံမြို့နယ်တွင် သီတဂူ ကမ္ဘာ့ ဗုဒ္ဓသာသာနာ့ တက္ကသိုလ် ဖွင့်လှစ်ရန် ပြင်ဆင်နေသာ သီတဂူ ဆရာတော် ဦးဉာဏိဿရအား မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ဖူးမျှော်စဉ် ၂ဝ၁၁ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က မှတ်တမ်းပုံ ဖြစ်ပါသည်။ (nldburma.org)
nldburma.org

ပြည်တွင်းမှာ လှုပ်ရှားနေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီးရဲ့ ပြောခွင့်ရ ဆရာတော် ဦးဓမ္မသီရိက တိုင်းရင်းသားတွေ ကြည်ညိုလေးစားမှု ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ဦးဆောင်ကြိုးပမ်းခွင့် ပေးအပ်ဖို့ လိုအပ်ကြောင်း မိန့်ကြားပါတယ်။

“တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တခြား ပါတီအားလုံးက ဒေါ်အောင်ဆန်း စုကြည်အပေါ်မှာ လေးစား ယုံကြည်မှု ရှိတယ်။ ဒါ့ကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်ဖို့ တွန်းအားတွေ ပေးနေကြတယ်။ ဦးဇင်းတို့ မြင်တဲ့ အမြင်ကို ပြောရမယ်ဆိုရင် အခု အစိုးရဘက်က တင်းခံနေတဲ့ အနေအထား မြင်တယ်။ အစိုးရဘက်ကသာ လက်ခံခဲ့မယ်ဆိုရင် ဒီပြဿနာဟာ အေးအေးဆေးဆေး ပြေလည်သွားမယ်လို့ ဦးဇင်းမြင်ပါတယ်။ အခု လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပစ်ခတ်နေခြင်းဟာ အစိုးရဘက်က တင်းမာနေလို့သာ ဖြစ်နေတာလို့ ဦးဇင်း မြင်ပါတယ်”

အလားတူ သာသာနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ မြန်မာ ရဟန်းတော်များအဖွဲ့ရဲ့ ထိုင်းနိုင်ငံ တာဝန်ခံ ဆရာတော် ဦးဇဝနကလည်း အစိုးရအနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို ရှေးရှုတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ တိုင်းပြည် ငြိမ်းချမ်းရေး တည်ဆောက်ဖို့ အချိန်တန်ပြီလို့ မိန့်ကြား ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က အခုလို တောင်းခံလိုက်တာကို တကမ္ဘာလုံးကလည်း လက်ခံတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း လိုလိုလားလားကို သဘောကျတယ်။ အစိုးရဘက်က လိုက်လျောဖို့ သဘောတူဖို့ပဲ လိုတော့တယ်။ အဲဒီတော့ အစိုးရအနေနဲ့လည်း တိုင်းပြည် ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက် စေချင်တယ် ဆိုရင် အားလုံး လိုလားနေတဲ့ ဘက်ကို မျက်နှာမှုဖို့ စစ်ခေါင်းဆောင်တွေကို ဦးဇင်း တိုက်တွန်း ချင်တယ်။ အခု ဒေါ်အောင်ဆန်းစုကြည်လုပ်နေတဲ့ ကိစ္စဟာ လူသာဓုခေါ် နတ်သာဓုခေါ်တဲ့ ကိစ္စမို့ ဦးဇင်းတို့ အနေနဲ့ ချွင်းချက်မရှိ ထောက်ခံတယ်။ တိုင်းပြည်အုပ်ချုပ်နေတဲ့ အစိုးရ အနေနဲ့လည်း ဒေါ်အောင်ဆန်း စုကြည်ပြောတဲ့ စကားဟာ တကယ် စေတနာပါလို့ ပြောနေတာ။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက် စေချင်လို့ ပြောနေတယ် ဆိုတာကို လေးလေးနက်နက် သဘောပေါက်ပြီးတော့ လက်တွဲပြီးတော့ ငြိမ်းချမ်းရေးကို လုပ်ကြပါလို့ ဦးဇင်း အနေနဲ့ တိုက်တွန်းချင်တယ်”

၁၉၉၁ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးသိန်းစိန်နဲ့တကွ ကချင်လွတ်မြောက်ရေးအဖွဲ့၊ ကရင်အမျိုးသားအစည်းအရုံး၊ မွန်ပြည်သစ်ပါတီနဲ့ ရှမ်းပြည်တပ်မတော် တို့ကို ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အိတ်ဖွင့် ပေးစာတစောင်ကို ဇူလိုင်လ ၂၈ ရက်နေ့က ပေးပို့ခဲ့ပါတယ်။

ဒီ အိတ်ဖွင့်ပေးစာ ထဲမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို စစ်ရေး နည်းလမ်းနဲ့ ဖြေရှင်းလို့ မရနိုင်ကြောင်း၊ နိုင်ငံရေးအရ ညှိနှိုင်း ဖြေရှင်းမှသာ စစ်မှန်တဲ့ တိုင်းရင်းသား သွေးစည်း ညီညွတ်မှုကို ရရှိမှာ ဖြစ်ကြောင်း၊ အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ပံ့ပိုးဖို့ သူမအနေနဲ့ ကိုယ်စွမ်းရှိသရွေ့ ပါဝင် ကြိုးပမ်းပေးဖို့ အဆင်သင့်ရှိနေကြောင်း စသဖြင့် ဖော်ပြထားပါတယ်။

ဒီပေးစာအပေါ် လောလောဆယ်အထိ အစိုးရဘက်က တုံ့ပြန်မှု မရှိသေးပေမယ့် တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးက ထောက်ခံ ကြိုဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-08-02 12:39

No Brainers Also Know That, it is the only way out, taking into all circumstances faced by the country. Still Want To Save Face and Reject It? Don't Waste Any Longer. Waiting Too Long ready.