မုန်းဝန်းဗမာ သတ်မှတ်ခြင်း မရှိဟု လူဝင်မှုဝန်ကြီး ပြောကြား


2016.05.04
theinswe-minister-620.jpg မှတ်ပုံတင်မှာ မုန်းဝန်း(ဗမာ)လို့ ဖေါ်ပြတဲ့ကိစ္စ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေ မေလ ၄ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ ဖြေကြားစဉ်
.

ရှမ်းပြည်နယ်မြောက်ပိုင်း တာမိုးညဲဒေသက မုန်းဝန်းလူမျိုးတွေကို မုန်းဝန်း ဗမာဆိုပြီး မှတ်ပုံတင်တွေမှာ ဖေါ်ပြခဲ့ တာဟာ လူမျိုးတမျိုးအဖြစ် သတ်မှတ်တာမဟုတ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန့်စင်က မုန်းဝန်း(တရုတ်)ကနေ မုန်းဝန်း(ဗမာ)လို့ မှတ်ပုံတင်တွေမှာ ဖေါ်ပြတာဟာ တိုင်းရင်းသားလူမျိုး တစ်မျိုးအဖြစ် သတ်မှတ်ပေးထား တာလားဆိုပြီး မေးမြန်းရာမှာ ဝန်ကြီး ဦးသိန်းဆွေ က  ဖြေကြားခဲ့တာဖြစ်ပါတယ်။

"နိုင်ငံသားစိစစ်ရေးကဒ်ပြားမှာ ရေးသွင်းပေးရတဲ့ အချက်အလက်များဟာ ကာယကံရှင်အတွက်  ခိုင်မာတဲ့ အထောက်အထားဖြစ်စေဖို့ လူမျိုးရေးသွင်းနည်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနဲ့ ညွှန်ကြားချက်များအရ ရေးသွင်း ခံရသူ ကာယကံရှင်နဲ့ တရားဝန်ပြောဆိုချက်ကိုသာ အခြေခံရေးသွင်းရခြင်းဖြစ်ပါတယ်၊ နိုင်ငံသားစိစစ်ရေး ကဒ်ပြားမှာ ရေးသွင်းတဲ့အချက်များဟာ ဆောင်ရွက်ခဲ့ရတဲ့ကာလဒေသ အခြေအနေအရ အမျိုးမျိုးကွဲပြားနေသဖြင့် တပြေးညီ အဆင်ပြေစေရန်အတွက် ကာယံရှင်တစ်ဦးချင်းဆီမှ ဆန္ဒပြုလာပါက မုန်းဝန်း(ဗမာ)လို့ ရေးသွင်းပေး ရန် ခွင့်ပြုခဲ့ခြင်းသာဖြစ်ပြီးတော့မှ တိုင်းရင်းသားလူမျိုး တစ်မျိုးအဖြစ် တရားဝင် အတည်ပြုပေးခဲ့ခြင်း မရှိကြောင်း ဖြေကြားအပ်ပါတယ်"

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက လူမျိုးတစ်မျိုးအဖြစ် သတ်မှတ်ပေးလို့မရကြောင်း မှတ်ပုံတင် မှာ ဖေါ်ပြထားတာတွေဟာ ကာယကံရှင်တွေက လာပြောတဲ့အပေါ်မှာ မူတည်ပြီး ထည့်သွင်းပေးထား တာဖြစ်ကြောင်းလည်း ရှင်းပြပါတယ်။

မုန်းဝန်းလူမျိုးတွေဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်က မုန်းဝန်းဒေသကို ယူပြီး အမည်ခေါ်ဆိုတာဖြစ်ပြီး ဗမာ လူမျိုးတွေနဲ့ ဆွေမျိုးတော်စပ်မှုမရှိ၊ အသားအရေ၊ ဘာသာစကား၊ ဓလေ့ထုံးစံတွေအရ မတူညီတဲ့အတွက် ပြန် သုံးသပ်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန့်ဇင်က ဆွေးနွေးခဲ့ပါတယ်။

"မုန်းဝန်းလူမျိုးသည် နေထိုင်ရာဒေသကို အစွဲပြုပြီးခေါ်ဆိုခဲ့တာဖြစ်ပါတယ်၊ မုန်းဝန်းဆိုတဲ့အမည်ကလည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲမှာရှိတဲ့ မုန်းဝန်းဒေသဖြစ်ပါတယ်၊ အဲ့ဒီဒေသကိုအစွဲပြုပြီး မုန်းဝန်းတရုတ် လို့ ဒေသအခေါ် ခေါ်ဆိုခဲ့တာဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေအများဆုံးဖြစ်တဲ့ ဗမာလူမျိုးများနဲ့ ဘယ်လိုမှဆွေမျိုးတော်စပ်မှုလည်းမရှိ အသွေးအသားအရည်အရ ဘာသာစကား ဓလေ့ထုံးစံများအရ သိသာစွာ ကွဲပြားလျှက်ရှိနေကြတာဖြစ်ပါတယ်၊ အဲ့ဒီလိုဆက်စပ်မှုမရှိတဲ့ လူမျိုးရဲ့အမည်ကို မည်သို့သောလုပ်ထုံးလုပ် နည်းတွေ ဥပဒေတွေနဲ့ သတ်မှတ်ခေါ်ဆိုခဲ့ကြတယ်ဆိုတာကို သိရှိရပါတယ်၊ လုပ်ထုံးလုပ်နည်းများရှိရင် လည်း ပြန်လည်သုံးသပ်ဖို့လိုလိမ့်မယ်လို့ ယူဆရပါတယ်"

တာမိုးညဲဒေသမှာ နေထိုင်ကြတဲ့ မုန်းဝန်းလူမျိုးတွေမှာ မုန်းဝန်း တရုတ် ၊ တရုတ် မုန်းဝန်း၊ မုန်းဝန်း(ဗမာ)၊ မုန်းဝန်း+တရုတ်၊ မုန်းဝန်း+ကိုးကန့် ဆိုပြီး ၈မျိုးဖြစ်နေတဲ့အတွက် တစ်မျိုးတည်းဖြစ်အောင် တပြေးညီသတ်မှတ်ပေးဖို့ အရင်အစိုးရလက်ထက်က သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။