သတင်းသမားတွေကို ကာကွယ်ဖို့ ပျက်ကွက်တဲ့အတွက် ရှုတ်ချ

မေလ ၁၂ ရက်နေ့ ရန်ကုန်မြို့တာမွေမြို့နယ်မှာ စစ်ပွဲတွေရပ်တန့်ပေးဖို့ တောင်းဆိုဆန္ဒပြမှုအတွင်း သတင်း မီဒီယာတွေကို ခြိမ်းခြောက်ပြောဆိုမှုတွေရှိခဲ့ရာမှာ တာဝန်ကျ ရဲဝန်ထမ်းတွေက ကာကွယ်မှု မပေးခဲ့တဲ့အတွက် ရှုတ်ချကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီရဲ့ တိုင်ကြားချက်အရ ထုတ်ပြန်တာဖြစ်ကြောင်း သတင်းမီဒီယာကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဇေယျာလှိုင် က ပြောပါတယ်။

"ကျနော်တို့ဆီကို မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက စာတစ်စောင် ပို့တာရှိတယ်လေ၊ အဲဒီမှာ သတင်းစာဆရာတွေကို အရပ်ဝတ်နဲ့ ဘယ်ကမှန်းမသိတဲ့ပုဂ္ဂိုလ်တွေက ရန်ပြုတိုက်ခိုက် တယ်ပေါ့နော်၊ နောက်ပြီးတော့ ခြိမ်းခြောက်တယ် ဆဲဆိုတယ်ပေါ့လေ အဲဒါမျိုးတွေရှိနေတယ်၊ ကျနော်တို့လည်း ဒီဘက်က သတင်းတွေမှာ တွေ့နေရတယ်လေ၊ ကျနော်တို့လည်း ဒီကိစ္စကိုတော့ အရေးယူဆောင်ရွက်မှု တစ်ခုတော့ လုပ်ရမယ်၊ အရေးယူတယ်ဆိုတာ သူတို့ကို ဖမ်းတာဆီးတာ မဟုတ်ဘူး၊ ဖမ်းတာဆီးတာ ကောင်စီကလုပ်လို့ မရဘူးပေါ့နော် ကောင်စီရဲ့ ဥပဒေအရ ကျနော်တို့က သတင်းသမားတွေ ကာကွယ်ပေးရမယ် ကျင့်ဝတ်နဲ့ညီအောင် ထိန်းသိမ်းရမယ်ဆိုတော့ အဲဒီအချက်နဲ့ အညီပေါ့လေ ကျနော်တို့ ထုတ်ပြန်တာပေါ့လေ"

စစ်ပွဲရပ်ဖို့ တောင်းဆိုဆန္ဒပြခဲ့တဲ့သူတွေကို အရပ်ဝတ်နဲ့ လူတွေက ဝင်ရောက်ဖမ်းဆီးတာတွေရှိသလို သတင်းမီဒီယာတွေကိုလည်း ဖမ်းဆီးဖို့ ရိုက်နှက်ဖို့ ခြိမ်းခြောက်ပြောဆိုတာတွေရှိတယ်လို့ မြန်မာသတင်းသမားများ ကာကွယ်ရေးအဖွဲ့ ကြည့်ရကြောင်း ပြောပါတယ်။

ဥပဒေအရ သတင်းမီဒီယာသမားတွေကို ကာကွယ်စောင့်ရှောက်ရမှာ ဖြစ်ပေမယ့် အဲဒီအချိန်က ခြိမ်းခြောက် သူတွေကို ရဲဝန်ထမ်းတွေအနေနဲ့ ကာကွယ်စောင့်ရှောက်မှု မပေးခဲ့ကြောင်း၊ လူ့အခွင့်အရေး ကော်မရှင်ထံ ကိုလည်း ကြေညာချက်ကို ပေးပို့သွားမှာ ဖြစ်ပါတယ်။