မိကျောင်းကန် မြေသိမ်းခံရသူများ နဲ့ လွှတ်တော်အမတ်များ တွေ့ဆုံ


2013.11.06
mechaungkan-305.jpg တပ်ကသိမ်းထားတဲ့မြေများ ပြန်လည်ရရှိဖို့ မိချောင်းကန် ၁၊ ၂၊ ၃ ရပ်ကွက် မူလပိုင်ရှင်များ ဇူလိုင်လ ၂၅ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒဖော်ထုတ်နေကြစဉ်
photo: RFA/ Kyaw Zaw Win

လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဟာ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက်က မြေသိမ်းခံရသူတွေ ကို ခေါ်ယူတွေ့ဆုံပြီး လိုအပ်တဲ့အချက်အလက်တွေ ကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရီ၊ ဦးအောင်သိန်းလင်းတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ တာဖြစ်ကြောင်း မိကျောင်းကန်ရပ်ကွက်သား မြေ ဆုံးရှုံးသူတစ်ဦးဖြစ်တဲ့ ဦးစိန်သန်းက ပြောပါတယ်။

“ကျနော်တို့ မိချောင်းကန်ကနေ တင်ပြထားတာ ရှိပါတယ်၊ မြေယာကော်မတီအနေနဲ့ မြေသိမ်း ဥပဒေနဲ့ မညီညွှတ်တဲ့ သိမ်းထားတဲ့မြေတွေကို လုပ်ငန်းဆောင်ရွက်တဲ့ကိစ္စတွေအပေါ်မှာ အစိုးရအဖွဲ့ကနေပြီးတော့ ညှိနှိုင်းပူးပေါင်းဆောင် ရွက်မှုမရှိဘူးဆိုရင် လွှတ်တော်ကော်မတီနဲ့ ကျနော်တို့ မိချောင်းကန်ပြည်သူတွေပူးပေါင်းပြီး မိချောင်းကန်ပြည်သူတွေဘက်ကလည်း လုပ်ရမယ့်ကမ်ပိန်းတွေကိုလည်းလုပ်ပါမယ်၊ လွှတ်တော်ကော်မတီ ကလည်း အကောင်းဆုံးနည်းနဲ့ အစိုးရဘက်ကို ထိတွေ့ဆက်ဆံပြီးတော့၊ မြေယာတွေကို မြေသိမ်းဥပဒေ နဲ့အညီပြန်ပေးဖို့ တောင်းဆိုမှုတွေနဲ့ တင်ပြချက်တွေကိုလည်း လုပ်သွားပါမယ်ဆိုတဲ့အကြောင်း ကျနော်တို့ကို ကတိပေးထားပါတယ်”

မိကျောင်းကန်ရပ်ကွက် အမှတ် ၁၊ ၂၊ ၃ တို့ကို လွန်ခဲ့တဲ့ ၁၉၉၁ ခုနှစ်လောက်က တပ်မ ၂၂ က သိမ်းယူခဲ့ပြီး အဲဒီရပ်ကွက်ကဒေသခံတွေကို တခြားနေရာတွေကို ရွှေ့ပြောင်းစေခဲ့တာပါ။

အခုဆိုရင် ရပ်ကွက် ၁ မှာ အဆောက်အဦးတွေရှိနေပြီး ရပ်ကွက် ၂ နဲ့ ၃ မှာလည်း ခြံစည်းရိုးခတ်တာတွေရှိနေတဲ့ အတွက် အဲဒီလိုလုပ်ဆောင်နေတာကို ရပ်တန့်ပေးဖို့လည်း တင်ပြခဲ့တယ်လို့ ပြောပါတယ်။

မိကျောင်းကန်ရပ်ကွက်ကမြေတွေကို ပြန်ပေးဖို့အတွက် မိကျောင်းကန်သားတွေဟာ သင်္ဃန်းကျွန်းမြို့နယ်နဲ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွေမှာ ၇ ကြိမ်တိုင်တိုင် ဆန္ဒပြတောင်းဆိုခဲ့သလို ပြီးခဲ့တဲ့ အောက်တိုဘာလက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ၄ ရက်ကြာ သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။