မြောက်ဦးကိစ္စ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ကန့်ကွက်မှုရှိပေမယ့် လွှတ်တော်အတည်ပြု

2018-01-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့က ကျင်းပနေစဉ်
ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့က ကျင်းပနေစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ညက လူသေဆုံးမှု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမယ့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဒီနေ့ ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD လွှတ်တော် ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြပေ မယ့် လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။

ကန့်ကွက်မှုတွေရှိတဲ့အတွက် မတ်တပ်ရပ် မဲခွဲဆုံးဖြတ်ရာမှာတော့ ထောက်ခံသူများတဲ့အတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းတာကို အတည်ပြုလိုက်တာဖြစ်ပါတယ်။

ကန့်ကွက်သူတွေထဲမှာပါဝင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်က မြောက်ဦး ဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးရမယ့်ကိစ္စဟာ ပြည်ထောင်စုအစိုးရမှာသာ လုပ်ခွင့် ရှိတယ်လို့ မြင်တာကြောင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကန့်ကွက်မှုတွေကို ထောက်ခံပြီး ကန့်ကွက်ခဲ့တာလို့ ပြောပါတယ်။

ပြည်နယ်လွှတ်တော်က ဖွဲ့စည်းလိုက်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၇ ဦးနဲ့ လွှတ်တော်ရဲ့ ဥပဒေရေးရာနဲ့ အခြားကိစ္စရပ်များဆိုင်ရာ အကြံပေးအဖွဲ့ဝင် ၂ ဦး ပါဝင်ပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေကို မကြာခင် ကွင်းဆင်းဆောင်ရွက်သွားမှာဖြစ်ပြီး စုံစမ်းတွေ့ရှိချက် တွေကိုလည်း လွှတ်တော်ကို အမြန်ဆုံး တင်ပြနိုင်အောင် ကြိုးပမ်းသွားမယ်လို့ အဖွဲ့ရဲ့ အတွင်းရေးမှူး ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် က ပြောပါတယ်။

မြောက်ဦးဖြစ်စဉ်မှာ ရှုပ်ထွေးမှုတွေ၊ လူသေဆုံးမှုများတာတွေ၊ ရဲတပ်ဖွဲ့က အစီအစဉ်တကျ မလုပ်ဆောင်တာတွေ ရှိနေတယ်ဆိုပြီး မြောက်ဦးမြို့နယ်က ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက ပြည်နယ်လွှတ်တော် ဥက္ကဌထံ တင်ပြခဲ့တာကြောင့် ဒီနေ့ အရေးပေါ် လွှတ်တော်အစည်းအဝေး ခေါ်ယူပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့