မြောက်ဦးဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ဒဏ်ရာရလူနာ ၈ ဦးကို ဖမ်းဆီး


2018.01.23
mrauku-conflict-patient-622.jpg မြောက်ဦးမြို့ ပဋိပက္ခမှာ ဒဏ်ရာရရှိသူကို တွေ့ရစဉ်
Photo from Facebook

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စစ်တွေဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတဲ့ လူနာ ၈ ဦးကို ရဲတပ်ဖွဲ့က ဒီနေ့ ဖမ်းဆီးလိုက်ပါတယ်။

ဆေးကုသမှုခံယူနေစဉ်အတွင်း ဖမ်းဆီးလိုက်တာ မဖြစ်သင့်ဘူးလို့ ဖမ်းဆီးခံရတဲ့အထဲမှာပါဝင်တဲ့ လူနာ ကိုဦးသန်းဇော်ရဲ့ ဖခင်ဖြစ်သူ  ဦးအေးမောင်သိန်း က ပြောပါတယ်။

"လွတ်လပ်စွာ ဆေးကုသခွင့်ရဖို့အတွက် ကျနော်တို့ ဒီအချုပ်ခန်းထဲက ပြန်ထုတ်ပေး။ ကျနော်တို့ ဆေးရုံပေါ် နဂိုရှိတဲ့ အခန်းကိုပဲ ပြန်ပြီးတော့တင်ပေး။ ကျနော်တို့ ကောင်းလို့ရှိရင် သူတို့ တရားဥပဒေအရ ကျနော်တို့ကို ဘာလုပ်မလဲ။ အဲဒီအချိန်ကျမှပဲလုပ်။ အခုအချိန်ကတော့ ရှင်းရှင်းပြောမယ်ဆိုရင် မိန်းမတွေကတော့ လုံး၀ စိတ်မကောင်းဘူး။ တချို့မိန်းမတွေဆိုလို့ရှိရင် ငိုတယ်ဗျာ။ သတိတောင်မရဘူး သတိလစ်သွားတယ်။ အဲလောက်ထိ ဖြစ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ လုံး၀ အနာတွေက မကောင်းသေးဘူး။ လုံး၀ စိတ်ချ လက်ချကို မဖြစ်နိုင်တဲ့ အခြေအနေပဲ ရှိသေးတယ်။ သက်သာတဲ့အချိန်မှာ သူတို့ ဘယ်လိုလုပ်မလဲ။ ကျနော်တို့ကို ကြိုပြီးတော့ အသိပေး။ ပြီးမှပဲ ဒီလိုလုပ်ရင်တော့ ဒီအစိုးရဘက်ကလည်း တရားမျှတမှုရှိမယ်လို့ ထင်ပါတယ်"

ဒီနေ့မနက်က ဆရာဝန်က လူနာတွေကို ကြည့်ရှုစစ်ဆေးပြီးတဲ့နောက် လက်နက်ကိုင်ဆောင်ထားတဲ့ ရဲတွေက လက်ထိပ်ခတ်ပြီး ဆေးရုံအချုပ်ခန်းလူနာဆောင်ကို ပို့ဆောင်လိုက်တာဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

လူနာတွေကို အခန်းသော့ခတ်ပြီး ချုပ်နှောင်ထားတာကြောင့် မိသားစုတွေနဲ့ တွေ့ခွင့်မရတော့ဘူးလို့ လည်း ပြောပါတယ်။

ဒေသခံရဲအရာရှိတစ်ဦးကတော့ မြောက်ဦးဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူနာတွေကို မြောက်ဦးမြို့မရဲစခန်းမှာ အမှုဖွင့်ထားတာကြောင့် ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၆ ရက်နေ့ညက မြောက်ဦးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေအတွင်း လူ ၇ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့တာပါ။

ဒဏ်ရာရသူ ၁၂ ဦးထဲက ၈ ဦးဟာ စစ်တွေဆေးရုံးမှာ ကုသခံယူနေရတာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။