အကြမ်းဖက်ဥပဒေနဲ့ ဖမ်းဆီးခံထားရသူတစ်ဦး ဒုတိယအကြိမ် ဆေးရုံတင်ထားရ

2019-09-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့က အထွေထွေရောဂါကုဆေးရုံကြီးကို တွေ့ရစဉ်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့က အထွေထွေရောဂါကုဆေးရုံကြီးကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

၆ လကျော်ကြာ ဖမ်းဆီးခံထားရပြီး လက်ရှိစစ်တွေမြို့နယ်တရားရုံးမှာ အကြမ်းဖက်ဥပဒေပုဒ်မ ၅၂ (က)နဲ့ တရားရင် ဆိုင်နေရတဲ့ ကိုစည်သူအောင်ဟာ စက်တင်ဘာလ ၁၂ ရက်နေ့က စစ်တွေဆေးရုံမှာ ဒုတိယအကြိမ် တက်ရောက်ကုသမှု ခံယူနေ ရပေမယ့်လည်း မသက်သာသေးဘူးလို့ ဖခင်ဖြစ်သူ ဦးမောင်သောင်းရွှေ က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က ဓာတ်မှန်ရိုက်ခဲ့ပြီး ဆေးရုံမှာဆက်လက်ကုသခံယူရမယ်လို့ ဆေးရုံတာဝန် ရှိသူတွေက ပြောတယ်လို့ ဦးမောင်သောင်းရွှေက RFA ကို ပြောပါတယ်။

"ဆေးရုံတက်ရမယ်ဆိုလို့ တင်ထားတယ် မတ်လ ၁၂ ရက်နေ့က ဖမ်းတယ်၊ သူ့ကို ၅၂( က )နဲ့ မြောက်ဦး ချောင်းတိုက်တံတားနားမှာ နာရေးအသင်းဝင်လေ၊ မြောက်ဦးနာရေးနဲ့ ချိတ်ဆက်ထားတယ်၊ သူ့ကိုစစ်တပ်ထဲမှာ ရိုက်နှက်ပြီးတော့ လျှော့တိုက်တယ်တဲ့၊ ဒါနဲ့သူသွေးအန်တယ်လို့ပြောတယ်၊ သူ့ကို ကြိုးနဲ့တုပ်ပြီး တုတ်နဲ့ရိုက် ခြေထောက်နဲ့ကန် နှိပ်စက်တယ်တဲ့ စစ်တပ်တွေနဲ့ စရဖ တို့က ညဘက်ဆိုအိပ်လို့မရဘူး၊ ဓာတ်မှန်ရတာနဲ့ ဆေးရုံတင်ရမယ်ဆိုလို့ ဆေးရုံတင်ထားတာ"

ကိုစည်သူအောင်ကို ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ ညက မြောက်ဦးမြို့နယ် ချောင်းတိုက်တံတားအနီးမှာ လူနာတစ်ဦးကို ဆေးရုံကိုပို့ဆောင်ပေးနေချိန်မှာ အဖမ်းခံခဲ့ရတာဖြစ်ပြီး သူ့ကိုစစ်တွေမြို့ကို ခေါ်သွားတာလို့ ပြောပါတယ်။

ဆေးရုံက တာဝန်ကျဆရာဝန်တွေကတော့ ဓာတ်မှန်ရိုက်ထားတဲ့အဖြေကို ဘာကြောင့်ဖြစ်တယ်ဆိုပြီး ပြောဆိုခြင်း မရှိသေးပေမယ့် ကိုစည်သူအောင်ကတော့ သူ့ကိုစစ်ကြောမေးမြန်းတဲ့ကာလမှာ ရိုက်နှက်ကန်ကြောက်တာ၊ လျှပ်စစ်နဲ့ ရှော့တိုက်တာကို ခံခဲ့ရတယ်လို့ ပြောကြောင်း ဖခင်ဖြစ်သူက ရှင်းပြပါတယ်။

အခုလိုစစ်ကြောရေးမှာ စစ်ဆေးမေးမြန်းခဲ့တာတွေနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

‘’စစ်ကြောရေးနဲ့ပဲဖြစ်ဖြစ် စစ်မြေပြင်မှာပဲဖြစ်ဖြစ် လိုက်နာရမယ့်စည်းကမ်းချက်တွေ ရှိပြီးသားဖြစ်တယ်၊ အောက်ခြေမှာဆောင်ရွက်တဲ့အဖွဲ့တွေကိုလည်း ညွှန်ကြားထားပြီးသားဖြစ်ပါတယ်၊ ချို့ယွင်းချက်တစ်စုံတစ်ရာ ရှိရင်လည်း ဥပဒေအတိုင်းဆောင်ရွက်သွားပါမယ်၊ ဒီလိုမျိုးစွပ်စွဲချက်တွေကတော့ တွေ့နေကျအတိုင်းပဲ၊ စွပ်စွဲချက်တွေတွေ့ရင် လိုအပ်ရင်လည်း စုံစမ်းတာတွေလုပ်တယ်’’

ကိုစည်သူအောင်ကို အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ထားသလို AA အဖွဲ့နဲ့လည်း ပတ်သက်တယ်လို့ စွပ်စွဲထားပါတယ်။

AA ပြောခွင့်ရသူ ခိုင်သုခကတော့ မြောက်ဦးမြို့မှာ သာမန်လူမှုရေးလုပ်နေတဲ့သူလို့သာသိထားပြီး AA နဲ့ ဘာပတ်သက်မှုမှမရှိဘူးလို့ ပြောပါတယ်။

"လူမှုကူညီရေးအဖွဲ့တွေပါဗျာ ဒုက္ခရောက်နေသူတွေကို ကူညီပေးနေတာပါ အဲဒီဥစ္စာကို ဗမာစစ်တပ်ဘက်က လူမျိုးရေးအရအနိုင်ကျင့်တာပဲ၊ AA အနေနဲ့ပြောမယ်ဆိုရင် ဘာမှပတ်သက်မှုမရှိဘူး၊ ရခိုင်ပြည်နယ်ထဲမှာ အခြေ အနေတွေက ဘယ်လောက်ထိဆိုးနေသလဲဆိုရင် ဗမာစစ်တပ်ဘက် ဥပမာလမ်းမှာ ညဘက်ရော နေ့ဘက်ရော တွေ့တဲ့သူတွေကိုဖမ်းပြီးတော့မှ ရိုက်ပုတ်နှိပ်စက်ပြီးတော့ AA ပါဆိုပြီး လက်မှတ်ထိုးခိုင်းတော့တာပဲ အဲလိုဖြစ်နေ တယ်၊ တကယ်ဝန်မခံတဲ့သူဆိုရင် အသေသတ်လိုက်တာတွေလည်းရှိနေတယ် အဲလိုဖြစ်စဉ်မျိုးတွေက အခုဆိုရင် မနည်းတော့ဘူးပေါ့’’

ကိုစည်သူအောင်ရဲ့ ကျန်းမာရေးအခြေအနေကို စစ်တွေမြို့ဆေးရုံဆီ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း အဆက်အသွယ်မရခဲ့ပါဘူး။

(RFA သတင်းထောက် ကိုကျော်သူ တင်ပြသည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့