ဖမ်းဆီးခံထားရသူ သွေးအန်တာကြောင့် အထူးကုနဲ့ပြဖို့ မိသားစုလိုလား


2019.10.11
sittwe-hospital-622.jpg ရခိုင်ပြည်နယ်၊ စစ်တွေမြို့က အထွေထွေရောဂါကုဆေးရုံကြီးကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရက္ခိုင့်တပ်တော်နဲ့ ပတ်သက်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကြမ်းဖမ်းတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့နယ် ကျောင်းတောင်ရွာသား ကိုစည်သူအောင်ဟာ မနေ့တုန်းက သွေးထပ်အန်တာကြောင့် စစ်တွေအကျဉ်းထောင်ကနေ စစ်တွေဆေးရုံကို လာရောက်ပြသခဲ့ရပါတယ်။

ဒီလို့ပြသပြီး ညနေပိုင်းမှာဘဲ စစ်တွေအကျဉ်းထောင်ကိုပြန်ခေါ်သွားပြီး အကျဉ်းထောင်ဆေးရုံမှာပဲ ကုသနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

လက်ရှိအချိန်ထိ ကိုစည်သူအောင်ဟာ ရင်ဘက်အောင့်တာ၊သွေးအန်နေသေးတာကြောင့် မိသားစုဝင်တွေကတော့ ပြင်ပဆေးရုံးမှာ အထူးကုဆရာဝန်တွေကုသခွင့်ရဖို့ ထောင်အာဏာပိုင်တွေဆီ တောင်းဆိုသွားမယ်လို့ ဖခင်ဖြစ်သူ ဦးမောင်သောင်းအေးက ပြောပါတယ်။

“ရင်ဘက်တွေ ခေါင်းတွေမူးတယ် အောင့်တယ်လို့ ပြောတယ်၊ ကျနော်ကတော့ အပြင်ထုတ်ပြီး ဆေးရုံတင်ကုသချင်ပါတယ်၊ သူအမြန်ဆုံးကောင်းမှ အန်ကယ်တို့လည်း အလုပ်တွေလုပ်ရမှာ၊ အန်ကယ်တို့က နယ်ကဆိုတော့ အလုပ်လည်းမလုပ်ရ အခုတော့ ပိုက်ဆံတွေလည်း တအားကုန်တယ်၊ သ့ူကိုအမြန်ဆုံး ကောင်းစေချင်တယ်၊အရင်ခေါက်ကလို ဆေးရုံထုတ်ပြီး ကုသချင်ပါတယ်၊ ထောင်ပိုင်ဆီသွားပြီး အကူညီတောင်းမယ်လို့ စဉ်းစားထားပါတယ်”

ဒီနေ့ စစ်တွေအကျဉ်းဦးစီးကို သွားရောက်တင်ပြဖို့ကြိုးစားပေမယ့်၊ အထက်လူကြီးတွေ လာမယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့်၊ နောက်တစ်နေ့ တွေ့ဆုံဖို့ ချိန်းဆိုလိုက်ကြောင်း သူက ပြောပါတယ်။

ကိုစည်သူအောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ သွေးအန်တာကြောင့် စစ်တွေဆေးရုံမှာ နှစ်ကြိမ် တက်ရောက်ဆေးကုသရခဲ့ပါတယ်။ ဒါကြောင့် မနေ့က ဆေးရုံတက်တာဟာ သုံးကြိမ်မြောက်ဖြစ်ပါတယ်။

AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က ဦးအောင်မျိုးကျော်က အကျဉ်းသားတစ်ယောက် ကျန်းမာရေးမကောင်းရင် အပြင်မှာတက်ရောက်ကုသခွင့်ရှိတယ်လို့ ပြောပါတယ်။

“အကျဉ်းထောင်တွေထဲမှာ ရောက်နေရင် ဒါကတော့ အကျဉ်းထောင် အာဏာပိုင်တွေမှာ တာဝန်အပြည့်အဝရှိတယ်၊ သူ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုသည် အပြင်မှာကုသဖို့ လိုအပ်လို့ရှိရင် အပြင်မှာထုတ်ပြီး ကုသကို ကုသပေးရမှာဖြစ်တယ်၊ အကျဉ်းထောင်ထဲမှာရှိတဲ့ ဆေးဝါးဆိုတာလည်း မလုံလောက်ဘူး၊ မပြည့်စုံဘူး၊ ဒီအခြေအနေမှာ အပြင်မှာကုသမယ်ဆိုတာ သူ့ရဲ့ရပိုင်ခွင့်ဖြစ်တယ် ဒါကိုဖြည့်ပေးပါ၊ အကျဉ်းထောင် အာဏာပိုင်တွေရဲ့ တာဝန်ဖြစ်တယ်၊ ဒါကို လုပ်ကိုလုပ်ပေးရမယ်”

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တွေအကျဉ်းထောင်ကို ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

နေပြည်တော် အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးကို မေးမြန်းရာမှာတော့ အကျဉ်းထောင်တွေမှာ အပြင်မှာဆေးရုံတင်ဖို့ လိုအပ်တဲ့လူနာတွေကို တင်ခွင့်ပေးတယ်လို့ ပြောပါတယ်။

“သူကကျန်းမာရေးအတွက် ဆေးရုံတင်ဖို့ လိုအပ်ချက်ရှိရင် သက်ဆိုင်ရာတာဝန်ခံက ကျနော်တို့ဆီ လှမ်းပြောရင် ကျနော်တို့က ခွင့်ပြုပေးတယ်ဗျ၊ ပြီးမှ စာကတရားဝင်လမ်းကြောင်းကနေ တင်ရတာပေါ့၊ လူကအရင်တင်ရတာပေါ့၊ လုံခြုံရေးကန့်သတ်ထားတဲ့ လူတွေကျတော့ ထောင်ပိုင်တွေပဲ သိမှာပေါ့”

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးမောင်မောင်းစိုးကို ဆက်သွယ်မေးမြန်းရာမှာတော့ အစည်းအဝေး ရောက်နေတာကြောင့် နောက်မှပြန်ခေါ်ဖို့ ပြောပါတယ်။ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနဲ့ အဆက်အသွယ် မရရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းက ဒီကိစ္စနဲ့ပက်သက်ပြီး RFA က မေးမြန်းရာမှာတော့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက စစ်ကြောရေးနဲ့ပဲဖြစ်ဖြစ် စစ်မြေပြင်မှာဖြစ်ဖြစ် လိုက်နာရမယ့် စည်းကမ်းချက်တွေရှိကြောင်းနဲ့ ချို့ယွင်းချက်ရှိရင် ဥပဒေအတိုင်းဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်။

ကိုစည်သူအောင်ကို အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ထားသလို AA အဖွဲ့နဲ့လည်း ပတ်သက်တယ်လို့ စွပ်စွဲထားပါတယ်။

ရက္ခိုင့်တပ်တော် AA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ ကိုစည်သူအောင်ဟာ AA အဖွဲ့နဲ့ ပတ်သက်မှု မရှိကြောင်း RFA ကို ပြောထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ညက မြောက်ဦးမြို့နယ် ချောင်းတိုက်တံတားအနီးမှာ လူနာတစ်ဦးကို ဆေးရုံကိုပို့ဆောင် ပေးနေချိန်မှာ ကိုစည်သူအောင် အဖမ်းခံခဲ့ရတာဖြစ်ပြီး လေးလကြာ စစ်ကြောရေးမှာ စစ်ဆေးခံရပြီး အခုလိုသွေးအန်တာလို့ ဖခင်ဖြစ်သူ ဦးမောင်သောင်းအေးက ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါက်တောပြင်ကျေးရွာက ကိုနေမျိုးထွန်းဟာ ၂၀၁၉ ဇွန်လတုန်းက ကျောက်တော်ဆေးရုံမှာ သေဆုံးခဲ့သလို့ ကိုဇော်ဝင်းလှိုင်ဟာလည်း ဇွန်လှိုင်လ ၁ ရက်နေ့မှာ သွေးအန်ပြီး စစ်တွေဆေးရုံမှာ သေဆုံးခဲ့ပါတယ်။

(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။