မူဆယ်ဆေးရုံမှာ သွေးလွန်တုပ်ကွေးလူနာများပြီး နေရာမလောက်ဘဲဖြစ်နေ
2017.10.12
မူဆယ်ဆေးရုံမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နေတဲ့လူနာတွေကို အောက်တိုဘာလ ၁၂ ၇က်နေ့က တွေ့ရစဉ်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများပြီး ဆေးရုံတက်ကုသသူတွေ များလာတဲ့အတွက် မူဆယ်ဆေးရုံကြီးမှာ လူနာတွေအတွက် နေရာမလုံလောက်ဘဲ ဖြစ်နေပါတယ်။
လူနာတွေများလာတဲ့အတွက် တိုးချဲ့ဆောင်နဲ့ ကားထားတဲ့နေရာတွေမှာပါ ယာယီအကာအရံလေးတွေလုပ်ပြီး လူနာတွေကိုထားရတယ်လို့ မူဆယ်မြို့ ဆေးရုံအုပ်ကြီး ဒေါက်တာဉာဏ်မြင့်က ပြောပါတယ်။
"သွေးလွန်တုပ်ကွေးဖြစ်တဲ့လူနာ နည်းနည်းများလာတာပေါ့၊ နေရာထိုင်ခင်းကတော့ အရင်တုန်းက တိုးချဲ့ဆောင်လေးတစ်ဆောင် ဆောက်ထားတာရှိတာပေါ့၊ ကျနော်တို့ အရံပေါ့လေ၊ အရံဆိုတာ ကျနော်တို့နယ်စပ်ဒေသမှာ တကယ်လို့များ ကူးစက်ရောဂါဖြစ်ရင် လုပ်ဖို့ဆိုပြီး တိုးချဲ့ဆောင်လေးတစ်ဆောင် ဆောက်ထားပါတယ်၊ အခုအဲဒီထဲမှာ လူနာတွေကိုထားရတဲ့ အနေအထားရှိတာပေါ့လေ၊ အခုအဲ့ဒါနဲ့ မဆံ့တဲ့အခါကျတော့ အရင်တုန်းက ကားထားတဲ့နေရာမှာ ယာယီအကာအရံလေးတွေလုပ်ပြီး ထားရတဲ့အနေအထားတော့ ရှိပါတယ်"
မူဆယ်ဆေးရုံဟာ ကုတင် ၁၀၀ ဆန့်ဆေးရုံဖြစ်ပေမယ့် လက်ရှိအချိန်မှာ လူနာအရေအတွက် ၁၆၀ ကျော်ကို လက်ခံကုသပေးနေရတာဖြစ်တယ်လို့ သိရပါတယ်။
မူဆယ်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ကစပြီး သွေးလွန်တုပ်ကွေးဖြစ်ပွားသူတွေ များလာတာဖြစ်ပြီး ကလေးငယ်တွေမှာထက် အသက်ကြီးသူတွေမှာ အဖြစ်များလာတယ်လို့ သိရပါတယ်။
မူဆယ်ဆေးရုံကြီးက ကလေးဆောင်နဲ့ ဖျားနာဆောင်မှာ လူနာဦးရေတွေတိုးလာတာဖြစ်ပြီး တစ်ရက် တစ်ရက်ကို ပုံမှန်ထက် လူနာအယောက် ၂၀ လောက် တိုးလာတာဖြစ်တယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ သွေးလွန်တုပ်ကွေးရောဂါဟာ မူဆယ်မြို့ပေါ်ရပ်ကွက်တချို့မှာ အဖြစ်များနေတာကို တွေ့ရတာကြောင့် ရပ်ကွက်တွေမှာ ခြင်ဆေးဖြန်းတာတွေ၊ ဖုန်း၊ သွန်၊ လဲ၊ စစ် အသိပညာပေးလုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်ထားတယ် လို့လည်း ဒေါက်တာဉာဏ်မြင့်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး လက်ရှိအချိန်အထိ မူဆယ်မြို့မှာ သွေးလွန်တုပ်ကွေးကြောင့် ၅ နှစ်ဝန်းကျင် ကလေး ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။









