မွတ်စလင် လှေစီးဒုက္ခသည်တွေ မလေးရှားကို ထပ်မံရောက်ရှိ
2015.05.13
မလေးရှားကမ်းခြကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာမွတ်စလင် ဒုက္ခသည် ၅ဝဝ ခန့်လိုက်ပါလာ တဲ့ လှေတစ်စင်း မနေ့က ထပ်မံရောက်ရှိလာတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကနေ မနေ့ကအထိ မလေးရှားကို ရောက်လာတဲ့ လှေစီး မွတ်စလင် ဒုက္ခသည်အရေအတွက် ၁၅ဝဝ ရှိသွားပြီဖြစ်ပါတယ်။
ဒီအတောအတွင်း အင်ဒိုနီးရှားနိုင်ငံကို ပြီးခဲ့တဲ့အပတ်အတွင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က လှေတွေ နဲ့ ရောက်ရှိလာခဲ့တဲ့ မွတ်စလင် ဒုက္ခသည် ၆ဝဝ နီးပါးကို မူလထားရှိတဲ့ မြို့ကလေးတစ်မြို့ကနေ ပိုမိုကျယ်ပြန့် တဲ့ နေရာထိုင်ခင်းရှိရာ တခြားမြို့တစ်မြို့ကို မနေ့က စတင်ပို့ဆောင်နေတယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေ က ပြောပါတယ်။ အာချေးပြည်နယ်က အဲဒီမြို့မှာ သူတို့ကို ယာယီထားပြီး စစ်ဆေးမေးမြန်းမယ်လို့ ဆိုပါတယ်။
ဒီအတောအတွင်းမှာပဲ အမေရိကန်ပြည်ထောင်စုက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေ လှေ သင်္ဘောတွေနဲ့ လူမှောင်ခိုသမားတွေ တရားမဝင်ခေါ်ဆောင်လာပြီးနောက် ဖမ်းဆီးခံရမှာစိုးရိမ်တဲ့အတွက် စွန့်ပစ်ထားခဲ့တဲ့ အဲ့ဒီ မွတ်စလင် ဒုက္ခသည် ရာပေါင်းများစွာရဲ့ပြဿနာကို အရှေ့တောင်ဒေသနိုင်ငံတွေအနေနဲ့ အလေးအနက်ထား အဖြေရှာကြဖို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။
အာရှနိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုပါဝင်မယ့် ဒုက္ခသည်အရေး ဆွေးနွေးပွဲတစ်ခုကို ဘန်ကောက်မြို့မှာ ဒီလ ၂၉ ရက်နေ့ ကျင်းပမှာဖြစ်ပါတယ်။









