မလေးဝန်ကြီးချုပ် ပါဝင်တဲ့ လူထုစည်းဝေးပွဲကို မြန်မာ မွတ်ဆလင် အရပ်ဘက်အဖွဲ့တွေ ကန့်ကွက်
2016.12.06
ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဒီဇင်ဘာ ၄ ရက်နေ့က မလေးရှားဝန်ကြီးချုပ် ပါဝင်ဆန္ဒပြစဉ်
ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ မလေးရှားဝန်ကြီးချုပ်ကိုယ်တိုင် ပါဝင်တဲ့ လူထုစည်းဝေးပွဲကို မြန်မာမွတ်ဆလင် မဟာမိတ်အရပ်ဘက်အဖွဲ့အစည်းက ကန့်ကွက်ကြောင်း မနေ့က သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
မလေးရှားဝန်ကြီးချုပ်အနေနဲ့ ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်လိုတဲ့သဘောလို့ ယူဆတဲ့အတွက် ကန့်ကွက်တာဖြစ်တယ်လို့ မြန်မာမွတ်ဆလင် မဟာမိတ်အရပ်ဘက်အဖွဲ့အစည်းက ပြောရေးဆိုခွင့်ရှိသူ မဒါလီမြင့် က ပြောပါတယ်။
''ဒီဝန်ကြီးက သူ့ရဲ့နိုင်ငံရေးအမြတ်ထုတ်ချင်လို့ ကိုယ့်ရဲ့နိုင်ငံကို ဝင်ရောက်စွက်ဖက်တယ်လို့ ယူဆတယ်၊ အာဆီယံရဲ့ ပဋိဉာဏ်မှာ နိုင်ငံတစ်နိုင်ငံရဲ့အရေးမှာ တစ်ခြားနိုင်ငံက ဝင်ရောက်စွက်ဖက်ပိုင် ခွင့်မရှိ ပါဘူး၊ အဲဒီလိုမျိုး သူပြောလိုက်ခြင်းအားဖြင့် အာဆီယံရဲ့ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေမှာကို စိုးရိမ်တဲ့အတွက် အခုလိုကန့်ကွက်ကြောင်း ထုတ်ပြန်လိုက်တာပါရှင့်၊ သူ့ရဲ့ပါဝါတစ်ခုရဖို့အတွက် ဘာသာရေးကို ခုတုံးလုပ်ပြီးတော့ သူပါဝါယူသွားတယ်လို့ပဲ ကျွန်မကမြင်တယ်ရှင့်''
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ် က ရခိုင်ပြည်နယ်အရေးကို ဖြေရှင်းဆောင်ရွက်ဖို့ဆိုပြီး လူပေါင်းတစ်သောင်းလောက်နဲ့ ဆန္ဒပြခဲ့ပါတယ်။
အဲဒီပွဲကို မလေးရှားအာဏာရပါတီ UMNO က ဦးဆောင်ပြုလုပ်တာဖြစ်ပါတယ်။
အဲဒီပွဲဟာ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို ရှေ့တန်းတင်ပြီး ကိုယ်ကျိုးအတွက် အမြတ်ထုတ် တာ မဖြစ်သင့်ကြောင်းနဲ့ ဘာသာရေးနဲ့ ဆက်နွယ်ပြောဆိုခဲ့တဲ့ ဝန်ကြီးချုပ် နာဂျစ်ရာဇတ် ကိုလည်း ပြစ်တင်ဝေ ဖန်ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တွေကို ဘာသာရေးနှိပ်ကွပ်မှုတစ်ခုအဖြစ် သဘောမထား ဘဲ အငြင်းပွားဖွယ်ရာ လူမျိုးရေးပြဿနာအဖြစ်သာ ရှုမြင်ဖို့လည်း တိုက်တွန်းထားပါတယ်။
အဲဒီကြေညာချက်ကို ရန်ကုန်မြို့က မလေးရှားသံရုံးကို အိတ်ဖွင့်ပေးစာအနေနဲ့ ပေးပို့ထားပြီး ပြန်ကြားရေး ဝန်ကြီးဌာန၊ ယဉ်ကျေးမှုနဲ့ သာသနာရေးဝန်ကြီးဌာနတို့ထံလည်း ပို့ထားတယ်လို့ သိရပါတယ်။









