နှစ်နိုင်ငံနယ်စပ်မျဉ်းအနီးမှာ နေထိုင်သူတွေကို ICRC က ကူညီမည်

2018-10-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့် ကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ တွေ့ရစဉ်
ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့် ကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲအနီးက မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီးမှာ နေထိုင်ကြတဲ့ မွတ်စလင်တွေကို မြန်မာနိုင်ငံဘက်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)က အကူအညီတွေပေးဖို့ သဘောတူထားတယ်လို့ ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်က ဒီနေ့ ပြောလိုက်ပါတယ်။

နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ ရခိုင်ပြည်နယ်အစိုးရရုံးမှာ ဒီနေ့မနက်ပိုင်းက တွေ့ဆုံရာမှာ ဗိုလ်မှူးကြီးဖုန်းတင့်က အဲဒီလို ပြောခဲ့တာပါ။

ဒီမွတ်စလင်တွေအတွက် အကူအညီတွေကို အရင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်းမှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က အကူအညီတွေပေးနေတာလို့ သိရပါတယ်။

ဒါပေမဲ့ နယ်စပ်မျဉ်းအနီးက မွတ်စလင်တွေ နေထိုင်နေကြတဲ့နေရာဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ သက်ရောက်တဲ့နေရာ ဖြစ်တာကြောင့် မြန်မာနိုင်ငံဘက်မှာ အခြေစိုက်တဲ့ ICRC အဖွဲ့က ကူညီနိုင်ရေး စီစဉ်ခဲ့တာလို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ICRC အဖွဲ့က ပြီးခဲ့တဲ့လက အဲဒီမွတ်စလင်တွေနဲ့ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့သလို အကူအညီပေးရေး ကိစ္စရပ်တွေကိုလည်း ရှေ့လမှာ ဆောင်ရွက်မှာဖြစ်တယ်လို့ ဗိုလ်မှူးကြီးဖုန်းတင့်က ပြောပါတယ်။

မောင်တောဒေသမှာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခတွေကြောင့် လူ ခုနစ်သိန်းလောက်ဟာ တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြပြီး နှစ်နိုင်ငံနယ်စပ်မျဉ်းအနီးမှာ ထောင်နဲ့ချီတဲ့လူတွေ ယာယီတဲတန်းလျားတွေနဲ့ နေထိုင်နေကြတာ ဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့