ဒုက္ခသည်များ ပြန်လည်လက်ခံရေး အစိုးရဝန်ထမ်းများ အဆင်သင့်ဖြစ်


2018.01.21
maungtaw-station-622 ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း ငခူရကျေးရွာ ဒုက္ခသည်လက်ခံရေးစခန်း ဆောက်လုပ်နေတာကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/RFA

မြန်မာနိုင်ငံဘက် ပြန်လာမယ့် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို စိစစ်ဖို့အတွက် ငါးခူရနဲ့ တောင်ပြိုလက်ဝဲမှာ ဖွင့်လှစ်ထားတဲ့ ပြန်လည်လက်ခံရေးစခန်းနှစ်ခုမှာ လဝကဝန်ထမ်း ဦးရေ ၈၀ နီးပါး ရောက်ရှိနေပြီဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနဝန်ကြီး အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် က ဒီနေ့ ပြောပါတယ်။

လဝကဝန်ထမ်းတွေအပြင် ရဲတပ်ဖွဲ့ဝင်တွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဝန်ထမ်းတွေလည်း ရောက်ရှိနေပြီလို့ ဦးမြင့်ကြိုင် က ပြောပါတယ်။

" ကျတော်တို့ဌာနတင်မဟုတ်ပါဘူး။ ဌာနအားလုံးက ဝန်ထမ်းတွေက အသင့်ဖြစ်နေပါပြီ။ ပြည်ထဲရေးကဆိုရင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားလှယ်တွေ၊ ထွေအုပ်အဖွဲ့တွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွေ၊ သတင်းရဲတပ်ဖွဲ့တွေ၊ နောက်တခါ နိုင်ငံခြားရေးဝန်ကြီးဌာန ကကိုယ်စားလှယ်တွေ၊ ကျန်းမာရေးဝန်ကြီးဌာနက ဆရာဝန်တွေ၊ လူကယ်ပြန်က ထောက်ပံ့ပစ္စည်းတွေ ထုတ်ပေးမယ့် အရာရှိတွေ၊ သူ့အဖွဲ့ပေါင်းစုံ သူဘာသူစနစ်တကျဖွဲ့စည်းပြီး ဆောင်ရွက်နေတာဖြစ်တယ်ခင်ဗျ"

ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူတွေနဲ့ လိုအပ်တဲ့ စက်ကိရိယာအသုံးအဆောင်ပစ္စည်းတွေလည်း ရောက် ရှိနေပြီ ဖြစ်တာကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ပြန်လာမယ့် ဒုက္ခသည်တွေကို လက်ခံဖို့ မြန်မာအစိုးရဘက်က အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။

ဌာနဆိုင်ရာအားလုံးက ဝန်ထမ်းအရေအတွက်အရဆိုရင် စခန်းတစ်ခုမှာ ဝန်ထမ်းဦးရေ ၁၀၀ နီးပါးခန့်ရှိပြီး လုံခြုံရေးအတွက် အတွင်းစည်း၊ အပြင်စည်းချမှတ်ဆောင်ရွက်ထားတယ်လို့ ပြောပါတယ်။

လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့က စတင်ပြီး စခန်းတစ်ခုဆီကနေ တစ်နေ့ကို လူဦးရေ အယောက် ၁၅၀ နှုန်းနဲ့ ပြန်လည်လက်ခံသွားမှာ ဖြစ်တာကြောင့် တစ်နေ့ကို အများဆုံး လူဦးရေ ၃၀၀ ခန့်အထိ စိစစ်လက်ခံသွားနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဘက်ကို ပြန်လာဖို့စာရင်းပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် ၁၁၀၀ ကျော်ရှိပြီး စာရင်းပေးထားသူတွေဟာ အကြမ်းဖက်မှုတွေ ဖြစ်ပွားစဉ်က ရွာလုံးကျွတ်မီးလောင်မှုကြောင့် ထွက်ပြေးသွားတဲ့ မွတ်စလင် ၇၀၀ ကျော်နဲ့ ဟိန္ဒူဘာသာဝင် ၄၀၀ ကျော်ပါဝင်တယ်လို့ သိရပါတယ်။  အဲဒီ ၁၁၀၀ ကျော်ကို ပြန်လည်လက်ခံဖို့ စိစစ်ပြီးဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။