ဒုက္ခသည်တွေ နေရာဟောင်းမှာ ချထားရေးအစီအစဉ် ဒေသခံတွေ ကန့်ကွက်


2013.05.11

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ပိန္နဲချောင်းကျွန်းက ကြိမ်နီပြင်၊ အနောက်ရွဲ၊ ဆင်တက်မော်စတဲ့ ဒုက္ခသည်စခန်းတွေက မူဆလင် ဒုက္ခသည်တွေကို သူတို့နေထိုင်ခဲ့တဲ့ နေရာတွေမှာ ပြန်လည်နေရာချပေးမယ့်အပေါ် ကန့်ကွက်တဲ့အနေနဲ့ ကျေးရွာပေါင်း ၃၄ ရွာက ဒေသခံ ၇၄၀၀ ကျော် စုပေါင်းလက်မှတ်ရေးထိုးပြီး သမ္မတဦးသိန်းစိန်ထံ ဒီကနေ့ရက်စွဲနဲ့ စာရေးသားပေးပို့ လိုက်ကြပါတယ်။

အခုလို ကန့်ကွက်စာ ရေးသားပေးပို့ရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ပိန္နဲချောင်းရွာခံ ဦးမောင်ဖြူက RFA ကို အခုလို ပြောပါတယ်။

“လူကြီးတွေကို စာတင်ထားတာလည်း ကျနော်တို့ကို မေးတာစမ်းတာလည်း တစ်ခါမှမရှိ၊ သူတို့ကိုနေရာပြန်ချထားမယ်ဆိုလို့ရှိရင် ကျနော်တို့ရပ်မိရပ်ဖ လူကြီးတွေနဲ့ နိုင်ငံတော်လူကြီးတွေ မျက်နှာစုံပြီးတော့ မေးစမ်းပြီးမှ သင့်တော်မယ့်နေရာတစ်ခုခုမှာ ထားစေချင်ပါတယ်”

ဒါ့အပြင် ဒေသခံတိုင်းရင်းသားတွေအနေနဲ့ မူဆလင်တွေကို နေရာချထားရေးကိစ္စနဲ့ ပတ်သက်ပြီး ၁၉၈၂ ခုနှစ်၊  မြန်မာနိုင်ငံသားဥပဒေအတိုင်း အစိုးရက အမြန်ဆုံးစိစစ် အကောင်အထည်ဖော်ပြီးမှ လုပ်ဆောင်စေချင်ကြောင်း သမ္မတထံ ဒီကနေ့ ပေးပို့တဲ့စာထဲမှာ အကြံပြုတင်ပြထားတယ်လို့ သိရပါတယ်။

ပေါက်တောမြို့နယ် ပိန္နဲချောင်းကျွန်းမှာ မူဆလင်ဒုက္ခသည်တွေကို နေရာချထားရေးကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ဒေသခံတွေနဲ့ ဒီကနေ့မနက်ပိုင်းက သွားရောက်ဆွေးနွေးရာမှာ ဒေသခံတွေက လက်မခံနိုင်ကြောင်း တင်ပြခဲ့ကြတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။