ရခိုင်ပြည်နယ်ကို ကုလ အဖွဲ့တွေ စေလွှတ်မည်

2018-07-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဘင်္ဂလားဒေ့ရှ်နိုင်ငံက စခန်းတစ်ခုမှာ မွတ်စလင်ဒုက္ခသည်တွေကို တွေ့ရစဉ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံက စခန်းတစ်ခုမှာ မွတ်စလင်ဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်က ထွက်ပြေးသွားခဲ့တဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံကို ကျွမ်းကျင်ပညာရှင်အဖွဲ့တွေ စေလွှတ်ဖို့ ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် UNDP က ပြင်ဆင်နေကြောင်း ကြာသပတေးနေ့ မနေ့က ကြေညာလိုက်ပါတယ်။

ကုလအရာရှိတွေကို မြန်မာအာဏာပိုင်တွေက ၂ဝ၁၇ ခုနှစ် သြဂုတ်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်  ရခိုင်ပြည်နယ်မြောက်ပိုင်းကို ပြီးခဲ့တဲ့အပတ်အတွင်း လွတ်လပ်စွာ သွားလာခွင့်ပေးခဲ့တယ်လို့ UNDP ရဲ့ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ညွန်ကြားရေးမှူး Haoliang Xu ဟောင်လျန်း ရှူ က ပြောပါတယ်။

မိမိတို့အနေနဲ့ လုပ်ငန်းတွေကို အထူးအရေးပေါ်အဆင့်ထားပြီး လုပ်ဆောင်နေကြောင်း၊ အဖွဲ့အများအပြားကို စေလွှတ်ဖို့ ပြင်ဆင်နေကြောင်း၊ အဲဒီအဖွဲ့တွေဟာ ပြန်လာမယ့်သူတွေအတွက် လိုအပ်တဲ့အခြေအနေတွေကို ဆောင်ရွက်မှာဖြစ်သလို လက်ရှိ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ မွတ်စလင်တွေ အပါအဝင် ဒေသခံ ၂ သိန်းခန့်အတွက် လိုအပ်ချက်တွေကိုလည်း လေ့လာဆန်းစစ်မှာဖြစ်ကြောင်း သူကပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂွတ်တားရက်ဇ် က ရိုဟင်ဂျာ မွတ်စလင်တွေ အတွက် လက်တွေ့ကျကျ ကူညီပံ့ပိုးကြဖို့ နိုင်ငံတကာကို တိုက်တွန်းလိုက်ပါတယ်။ ကော့ဇ်ဘဇားဒေသက ဒုက္ခသည်စခန်းတွေကို သူမကြာခင်က သွားရောက်ကြည့်ရှုခဲ့ရာမှာ အဲဒီသူတွေ ရခိုင်ပြည်နယ်မှာကြုံတွေ့ခဲ့ရတဲ့ သတ်ဖြတ်ညှဉ်းပန်းမှုမျိုးစုံကို ခါးသီးစွာကြားသိခဲ့ရကြောင်းနဲ့ အဲဒီ ရိုဟင်ဂျာခေါ်တဲ့ ကမ္ဘာပေါ်မှာ အဖိနှိပ်ခံရဆုံး လူသားတွေဟာ အကူအညီတွေ အမှန်တကယ်လိုအပ်နေကြောင်းလည်း သူက ပြောကြားတယ်လို့ မနေ့က ရရှိတဲ့ Anadolu အနာဒိုလူ သတင်းမှာ ဖေါ်ပြထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့