အိန္ဒိယတပ် နယ်စပ်ဖြတ်ကျော် ခွင့် မြန်မာသဘောတူ
2015.07.26
မြန်မာနိုင်ငံပိုင်နက်အတွင်း ဝင်ရောက်ခိုအောင်းပြီး အိန္ဒိယအစိုးရကို လက်နက်ကိုင် ပုန်ကန်နေကြတဲ့ လူမျိုးစု သူပုန် အဖွဲ့တွေကို အိန္ဒိယစစ်တပ်အနေနဲ့ နယ်စပ်ကျော်ပြီး လိုက်လံတိုက်ခိုက်ခွင့်ပြုဖို့ မြန်မာဘက်က သဘောတူလိုက်ပြီလို့ အိန္ဒိယ သတင်းစာ တွေက ဖေါ်ပြကြပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံသားတွေအပေါ် ထိခိုက်မှု မရှိစေရဘူး ဆိုတဲ့ကြိုတင်သတ်မှတ်ချက် နဲ့ သဘောတူခဲ့တာ ဖြစ်တယ်လို့ The Asian Age သတင်းက ဆိုပါတယ်။ ဒါ့ပြင် အိန္ဒိယ မြန်မာ နယ်စပ်တလျှောက် မြန်မာတပ်ဖွဲ့တွေ တိုးမြှင့်ချထားဖို့ လည်း မြန်မာဘက်က သဘောတူခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ၆ ရက်ကြာ အိန္ဒိယခရီးစဉ်အတွင်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီး ရတ်နတ်ဆင်း၊ အိန္ဒိယ အမျိုးသား လုံခြုံရေး အကြံပေး အဂျစ်ဒိုဝယ်၊ ပူးတွဲ ထောက်လှမ်းရေးကော်မတီ ဥက္ကဌ ရာဝီ တို့နဲ့ မနေ့က ဒီကိစ္စ ဆွေးနွေးခဲ့တာပါ။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အိန္ဒိယ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဒဲလ်ဘီရာ ဆင်းနဲ့ တွေ့ဆုံခဲ့ပြီး၊ မြန်မာ့ တပ်မတော်အရာရှိတွေကို အန္ဒိယမှာ သင်တန်းပေးဖို့လည်း သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့ပြင် ဗုဒ္ဓဂါယာကို သွားရောက်ပြီးရင်၊ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး Manohar Parrikar နဲ့ တွေ့ဆုံဖို့ စီစဉ်ထား ပါတယ်။ မြန်မာနိုင်ငံကို လက်နက်တင်ပို့ ရောင်း ချရေး ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး အိန္ဒိယ ကာကွယ်ရေးဝန်ကြီး နဲ့ ဆွေးနွေးမှာဖြစ်တယ်လို့ အိန္ဒိယစစ်တပ်ကလာတဲ့ သတင်းတွေကို ကိုးကားပြီး အိန္ဒိယ သတင်းတွေမှာ ဖေါ်ပြပါတယ်။
ဒီအတွင်း အိန္ဒိယ မြန်မာ နယ်စပ်မှာ မြန်မာဘက်က နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ထောင် ဝန်းကျင် တိုးမြှင့် ချထား လိုက်ကြောင်း The Economic Times အိန္ဒိယ သတင်းစာက ဖေါ်ပြပါတယ်။