အာဆီယံမှာ ကိုဗစ်ကြောင့် သေဆုံးမှုရာခိုင်နှုန်း မြန်မာ ဒုတိယဖြစ်လာ


2020.09.28
covid-medical-staff-in-yangon-622.jpg ရန်ကုန်မြို့တွင်းက ကိုရိုနာဗိုင်းရပ်စ် သံသယလူနာများအား စောင့်ကြည့်ရေးစခန်းကို ပို့ဆောင်ရန် ပြင်ဆင်နေကြသော ကျန်းမာရေးဝန်ထမ်းများ။
Photo: Reuters

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ စက်တင်ဘာလ (၂၈) ရက်နေ့ ညပိုင်းအထိ ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ ၂၅၆ ယောက်နဲ့ ရောဂါကူးစက်ခံထားရသူ ၁၁၆၃၁ ယောက် ရှိသွားပါပြီ။ ပြန်လည်သက်သာလာသူက ၃၀၇၃ ယောက်ရှိပါတယ်။

ရာခိုင်နှုန်းအားဖြင့်တွက်ရင် လူဦးရေ ၅၄ သန်းလောက်ရှိတဲ့ မြန်မာနိုင်ငံမှာ လူတစ်သောင်းမှာ နှစ်ယောက် ရောဂါကူးစက်ခံထားရပါတယ်။ ရောဂါကူးစက်ခံရတဲ့သူ အယောက် ၁၀၀ မှာ နှစ်ယောက် သေဆုံးနေတာလည်း ဖြစ်ပါတယ်။ ပြန်လည်သက်သာလာတဲ့သူကတော့ ရောဂါကူးစက်ခံရသူ ၁၀၀ မှာ ၂၆ ယောက်လို့ ဆိုနိုင်ပါတယ်။

အာဆီယံ ၁၀ နိုင်ငံထဲမှာ မြန်မာဟာ စတုတ္ထမြောက်ရောဂါကူးစက်ခံရတဲ့သူ အများဆုံးရှိတဲ့ နိုင်ငံဖြစ်လာပါတယ်။ ဖိလစ်ပိုင်နိုင်ငံက ပထမ အများဆုံး၊ အင်ဒိုးနီးရှားက ဒုတိယအများဆုံးနဲ့ စင်ကာပူက တတိယအများဆုံး ပိုးတွေ့လူနာရှိတဲ့ အာဆီယံနိုင်ငံတွေ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံက စတုတ္ထမြောက်အများဆုံးနိုင်ငံဖြစ်ပေမယ့် ဒီကနေ့ မြန်မာမှာ လူနာသစ် ၈၉၇ ယောက်ထပ်တိုးတာကြောင့် မြန်မာက မလေးရှားကို ကျော်တက်သွားတာဖြစ်ပါတယ်။

သေဆုံးနှုန်းကို ရာခိုင်နှုန်းအားဖြင့်တွက်ရင် မြန်မာဟာ အာဆီယံမှာ သေဆုံးရာခိုင်နှုန်း ဒုတိယအများဆုံးဖြစ်ပါတယ်။ ကူးစက်ခံရသူ အယောက် ၁၀၀ မှာ ၂ ယောက်နှုန်း (၂.၂ ရာခိုင်နှုန်း) သေဆုံးနေတာပါ။

အာဆီယံနိုင်ငံတွေထဲမှာ အဆိုးဆုံးဖြစ်တဲ့ အင်ဒိုနီးရှားမှာ  ရောဂါကူးစက်ခံရသူ ၂ သိန်း ၈ သောင်းလောက်မှာ တစ်သောင်းကျော် သေဆုံးနေတာမို့  ရာခိုင်နှုန်းအားဖြင့် သေဆုံးသူ  ၃.၇ ရာခိုင်နှုန်း ရှိပါတယ်။ ပိုးကူးစက်ခံရသူတွေထဲ သေဆုံးရာခိုင်နှုန်း အများဆုံးရှိတဲ့ အာဆီယံနိုင်ငံလည်းဖြစ်ပါတယ်။

ရောဂါကူးစက်မှုနှုန်း အများဆုံးရှိတဲ့ ဖိလစ်ပိုင်နိုင်ငံမှာတော့ ရောဂါကူးစက်နှုန်း သုံးသိန်းကျော်ရှိပေမယ့် ၅ဝဝဝ ကျော်ပဲ သေဆုံးတာမို့ သေဆုံးရာခိုင်နှုန်းအားဖြင့် ၁.၇ ရာခိုင်နှုန်း ပဲရှိပြီး မြန်မာနိုင်ငံထက် သေဆုံးရာခိုင်နှုန်း နည်းပါတယ်။

အာဆီယံ ၁၀ နိုင်ငံထဲမှာ လာအိုနိုင်ငံဟာ ရောဂါကူးစက်ခံရသူ ၂၃ ယောက်နဲ့ ကူးစက်ခံရမှု အနည်းဆုံးနိုင်ငံဖြစ်ပြီး သေဆုံးသူ တစ်ယောက်မှမရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။