မြန်မာအပေါ် အပြုသဘောဆောင် တဲ့ကဏ္ဍကို ထိန်းသိမ်းမယ်လို့ တရုတ်ဝန်ကြီးချုပ်ပြော
2013.10.16
တရုတ်ပြည်အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားပေးထောက်ခံပြီး၊ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းမှု တည်မြဲရေးမှာ တရုတ်ပြည်ရဲ့ ပိုပြီးအပြုသဘောဆောင်တဲ့ကဏ္ဍကို ကြိုးစားထိန်းသိမ်းသွားမယ်လို့ တရုတ်ဝန်ကြီးချုပ်က ပြောပါတယ်။
တရုတ်ပြည်ကို ရောက်ရှိနေတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဘေကျင်းမြို့မှာ မနေ့က တွေ့ဆုံခဲ့ချိန်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့တာပါ။ တရုတ်နဲ့ မြန်မာဟာ ရေမြေချင်းဆက်စပ်နေပြီး၊ အရှည်သဖြင့် ဆွေမျိုးပေါက်ဖေါ်ဆက်ဆံရေးရှိခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်က စတင်ထူထောင်ခဲ့တဲ့ ထိပ်တန်းအဆင့် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံချင်း ဆက်သွယ်မှုကို ထိန်းသိမ်းသွားကြမှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အပြုသဘောဆောင်တဲ့ တရုတ် မြန်မာ စစ်ရေးဆက်ဆံမှုသာမက တခြားနယ်ပယ်တွေမှာလည်း အပြန်အလှန်ထဲထဲဝင်ဝင် ဆက်ဆံသွားကြဖို့ မျှော်လင့်ကြောင်းလည်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မြန်မာအပေါ် တရုတ်ပြည်ရဲ့ကာလကြာရှည် အားပေးကူညီခဲ့တာတွေ၊ မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ပေး ခဲ့တာတွေအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ့တပ်မတော်အနေနဲ့ တရုတ်ပြည်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်ပြည်ခရီးစဉ်ဟာ တရုတ်နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ဖို့ အဓိကဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
အရှေ့တောင်အာရှရေးရာ သုတေသီ Song Quinrun က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ ၂၀၁၁ ခုနှစ် ကာကွယ်ရေးဦးစီးချုပ် ဖြစ်ချိန်ကစပြီး တရုတ်ပြည်ကို မကြာခဏလာရောက်ခဲ့ကြောင်း၊ တရုတ် မြန်မာ အပြန်အလှန် စစ်ရေးဆက်သွယ်ဆောင်ရွက်မှုဟာ တစ်ဖက်နဲ့တစ်ဖက် နိုင်ငံရေးအရယုံကြည်မှုနဲ့ မဟာဗျုဟာမြောက် ပူးပေါင်းဆောင်ရွက်မှု တည်ဆောက်ရေးအတွက် အင်မတန်အရေးကြီးကြောင်း ပြောဆိုပါတယ်။









