ပိုးတွေ့လူနာများလာလို့ တပ်က တာဝန်ယူကုသပေးနေ

2020-09-25
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်က ဆေးတပ်ရင်းမှာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာတွေကို ကုသနိုင်ရေး ပြင်ဆင်ထားစဉ်
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်က ဆေးတပ်ရင်းမှာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာတွေကို ကုသနိုင်ရေး ပြင်ဆင်ထားစဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ များလာတဲ့အတွက် တပ်မတော်က နေရာ ၃ ခုမှာ လူ ထောင်နဲ့ချီပြီး ဆေးကုသပေးနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

ဒီနေ့ကစပြီး အဲဒီပိုးတွေ့လူနာတွေကို စတင်လက်ခံပြီး ဆေးကုသပေးနေတာပါ။

မှော်ဘီမြို့နယ် တပ်မတော် ဆေးဘက်ပညာသင်ကျောင်းမှာ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်က သံဃာ ၇၅ ပါး၊  အရပ်သား ၁၅၀ တို့ကို လက်ခံပြီး ဆေးကုသပေးနေသလို နောက်ထပ် လူနာ တစ်ရာ တိုးချဲ့ထားနိုင်ဖို့လည်း ပြင်ဆင်နေတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒါ့အပြင် အင်းစိန်းရွာမ ပရိယတ္တိစာသင်တိုက်က ပိုးတေ့ွသံဃာတော်တွေနဲ့ ဆက်စပ်တဲ့ နောက်ထပ် သံဃာတွေနဲ့ လူ စုစုပေါင်း ၆၀၀ ကျော်ကို မနေ့က ဆေးစစ်ခဲ့ရာမှာ သံဃာ ၂၇၅ ပါးမှာ ပိုးတွေ့ခဲ့တဲ့ အတွက် အင်းစိန်းမြို့နယ် မင်းဓမ္မမှာရှိတဲ့ သာသနာ့ဗိမ္မာန်မှာ ဆေးရုံ ဖွင့်လှစ်ပြီး ကုသပေးသွားမယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒါ့အပြင် အရပ်သား အတည်ပြုလူနာတွေထားဖို့အတွက် ရဲမွန်တပ်နယ် သင်တန်းကျောင်းမှာ နေရာ ၂၁၄ နေရာ အဆင်သင့်ပြင်ထားသလို လှိုင်မြို့နယ်မှာရှိတဲ့ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာ ပိုးတွေ့လူနာထားဖို့ ကုတင် ၁၀၀၀ ကို စတင်ပြင်ဆင်နေပြီလို့ ဆိုပါတယ်။

ဒီအစီအစဉ်ကို အစိုးရနဲ့  ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး အဲဒီနေရာတွေမှာ ထားရှိမယ့် ပိုးတွေ့လူနာတွေကို တပ်မတော် ဆေးပညာပါရဂူတွေ၊ ဆေးမှူးတွေက ကုသပေးသွားမှာဖြစ်ပြီး လူနာတွေရဲ့ စားရေးသောက်ရေး အကုန်လုံးကို တပ်မတော်က တာဝန်ယူပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့မနက်ပိုင်းအထိ ကျန်းမာရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ ၈၅၁၅ ဦး ပိုးတွေ့ထားပြီး ၁၅၅ ဦး သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ ရန်ကုန်တိုင်းထဲမှာ အခုစက်တင်ဘာလ လယ်လောက်ကစပြီး နေ့စဉ်လိုလို ပိုးတွေ့လူနာတွေ ရာနဲ့ချီ များလာနေပြီး သေဆုံးသူ အရေအတွက်ကလည်း နေ့စဉ်တိုးလာနေပါတယ်။




ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့