၂ဝ၃ဝ မှာ တစ်နိုင်ငံလုံး လျှပ်စစ်ဓါတ်အား ရမယ်လို့ စွမ်းအင်အရာရှိ ပြောကြား


2016.05.19
epc-620.jpg ရန်ကုန်အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ် စိန်ပန်းမြိုင်ဓါတ်အားခွဲရုံက ဓာတ်အားဖြန့်ဖြူးပေးတဲ့ ထရန်စဖော်မာတွေကို မြင်ရစဉ်
Photo: YESC-CallCenter Facebook

ကမ္ဘာ့ဘဏ်နဲ့ မြန်မာအစိုးရတို့ ပူးပေါင်းပြီး လာမယ့် ၂၀၃၀ ခုနှစ်ရောက်ရင် တစ်နိုင်ငံလုံး မီးလင်းအောင် ဆောင်ရွက် သွားမယ်ဖို့အတွက် အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံ လိုအပ်ကြောင်း အဲ့ဒီအတွက် ကမ္ဘာ့ဘဏ်က ချေးငှားမှာဖြစ် ပြီး လက်ရှိမှာ လေ့လာမှုပြုလုပ်ထားပြီဖြစ်ကြောင်း အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းမန်နေဂျာ ဦးသူရအောင်ဘို က ပြောပါတယ်။

ဒီကနေ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနမှာ အမျိုးသားအဆင့် လျှပ်စစ်မီးရရှိရေး စီမံကိန်းအကြောင်းကို ဦးသူရအောင်ဘို က ရှင်းပြရာမှာ ပထမ ၅ နှစ် စီမံကိန်းအကြောင်း အခုလို ပြောပါတယ်။

"ပထမငါးနှစ်စီမံကိန်း ပြီးတဲ့အခါမှာ ကျနော်တို့ ခန့်မှန်းချက်ကတော့ အိမ်ထောင်စုပေါင်း ၁.၇ သန်းလောက် မီးရမယ်လို့ ခန့်မှန်းပါတယ်၊ ပထမငါးနှစ် စီမံကိန်းထဲကမှ ပထမဦးဆုံးလုပ်မယ့် ဓါတ်အားစနစ် နှစ်မိုင် အတွင်း ကျေးရွာတွေ ပြီးရင်ရွာပေါင်း ၅၀၈၀ မီးရမယ်လို့ ခန့်မှန်းပါတယ်၊ ရွာပေါင်း ၅၀၈၀ ကို ပထမဦး ဆုံး ဆောင်ရွက်မှာဖြစ်ပြီး ဆောင်ရွက်တဲ့ ရည်မှန်းချက်ကတော့ ၂၀၁၆-၁၇၊ ၂ဝ၁၇-၁၈ ဘတ်ဂျက် ၂ နှစ် ပြီးစီးအောင်ဆောင်ရွက်ဖို့ လျာထားပါတယ်"

မြန်မာနိုင်ငံမှာ အိမ်ထောင်စုပေါင်း ၁၁ သန်းနီးပါးရှိပြီး အဲ့ဒီအထဲက အိမ်ထောင်စု ၄ သန်းနီးပါးသာ လက်ရှိမှာ လျှပ်စစ်မီးရရှိကြောင်းနဲ့ ကျန်တဲ့ အိမ်ထောင်စုပေါင်း ၇ သန်းကျော် မီးရဖို့အတွက် အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံ လိုအပ်မှာ ဖြစ်ပါတယ်။ အဲ့ဒီလိုအပ်ချက် ငွေပမာဏဟာ ဖြန့်ဖြူးရေးအပိုင်းအတွက်သာရှိသေးပြီး ကျန်တဲ့လျှပ်စစ်မီး အတွက် ဓါတ်အားထုတ်လုပ်မှုအပိုင်း မပါသေးဘူးလို့လည်း ဦးသူရအောင်ဘို က ပြောပါတယ်။

၂၀၁၅ခုနှစ်က ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၄၀၀ ချေးပေးထားပြီး စာချုပ်လက်မှတ်ရေးထိုးထားပြီးဖြစ် ပါတယ်။ အမျိုးသားလျှပ်စစ်ရရှိရေးဌာနက ဒေါ်လာ သန်း ၃၁၀ ချေးယူတာဖြစ်ပြီး ဒေါ်လာ သန်း ၉၀ ကို ကျေးလက် ဖွံ့ဖြိုးရေးဦးစီးဌာနက ချေးယူတာလို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။