ပြည်ပက ကြိုတင်မဲပေးမယ့်သူ သုံးသောင်းကျော်ရှိ


2015.09.29
election-commission-620.jpg နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ နိုင်ငံရေးပါတီ ၆၅ ပါတီတို့ တွေ့ဆုံစဉ်
Photo: Myo Thant Khaing/RFA

လာမယ့် နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးဖို့ သံရုံး ၄၄ ရုံးကတဆင့် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားတဲ့ မြန်မာနိုင်ငံသား သုံးသောင်းကျော်ရှိတယ်လို့ ကော်မရှင်တာဝန် ရှိသူတွေက ပြောပါတယ်။

နိုင်ငံပေါင်း ၃၇ နိုင်ငံမှာရှိတဲ့ သံရုံးတွေက ပေးပို့ထားတဲ့အရေအတွက်ဖြစ်ပြီး မြန်မာနိုင်ငံထဲက မြို့နယ်ပေါင်း ၃၀၇ မြို့နယ်ကလူတွေဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူက ပြော ပါတယ်။

"နိုင်ငံပေါင်း ၃၇ နိုင်ငံ၊ သံရုံးပေါင်း ၄၄ ရုံးက ရောက်ရှိလာတာဖြစ်ပါတယ်၊ မြန်မာနိုင်ငံအတွင်းမှာကတော့ ၃ဝ၇ မြို့နယ်က မဲဆန္ဒရှင်တွေစာရင်းဖြစ်ပါတယ်၊ ဒီလ ၂ဝ ရက်နေ့အထိ နောက်အကျဆုံးပေးပို့ပါဆိုပြီးတော့ MOFA ကိုပြောထားတာဗျ၊ အဲ့ MOFA က ၂၄၊ ၂၅ အထိလာနေသေးတယ်၊ လာနေသေးတဲ့အခါကျတော့ ကျနော်တို့က အရေအတွက်နည်းရင်တော့ ပြဿနာမရှိဘူး၊ များရင်တော့ လုပ်ရကိုင်ရခက်တယ်၊ ကျနော်တို့ နောက်ဆုံးလက်ခံ တာကတော့ ၂ဝ ရက်နေ့အထိပဲ လက်ခံတယ်"

လက်ရှိရရှိထားတဲ့ အရေအတွက်ဟာ အစိုးရခွင့်ပြုချက်နဲ့ ပြည်ပကို တရားဝင်ရောက်ရှိနေသူတွေဖြစ်ပြီး သူတို့တွေဆီ ကို သံရုံးတွေကနေတဆင့် ကော်မရှင်က ကြိုတင်မဲလက်မှတ်တွေကို လာမယ့်အောက်တိုဘာလ ၁၀ရက်နေ့မတိုင် ခင် ပေးပို့မှာဖြစ်တယ်လို့ သိရပါတယ်။

သံရုံးအသီးသီးက ပြန်လည်လက်ခံရရှိထားတဲ့ ကြိုတင်မဲလက်မှတ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ထံ အောက်တိုဘာလကုန် နောက်ဆုံးထား ပြန်လည်ပေးပို့ရမှာဖြစ်ပြီး အဲဒီကြိုတင်မဲလက်မှတ်တွေကို သက်ဆိုင် ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေကတဆင့် မဲရုံအသီးသီးထံ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲနေ့မှာ မဲရုံပိတ်ချိန် ညနေ ၄ နာရီ မတိုင်ခင် ပေးပို့ရမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။