ထိုင်းရဲတွေ တရားစွဲလိုက် တဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို ကူညီဖို့ သံရုံးညွှန်ကြား


2014.10.03
birtish2-killers-305.jpg ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန် ၂ ယောက်ကို သတ်တယ်လို့ စွပ်စွဲခံရသူ မြန်မာနှစ်ဦးကို တွေ့ရစဉ်
Photo: Tawatchai Khemgumnerd

ထိုင်းနိုင်ငံအတွင်း ဗြိတိသျှလူမျိုး ကမ္ဘာ့လှည့်ခရီးသည် စုံတွဲ အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုမှာ ပြစ်မှုကျူးလွန် တယ်လို့ ဝန်ခံထွက်ဆိုထားသူ မြန်မာနိုင်ငံသားနှစ်ဦးကို သွားရောက်တွေ့ဆုံပြီး၊ အမှုမှန်ပေါ်ပေါက်ရေး ကူညီဆောင်ရွက်ဖို့ ရှေ့နေနှစ်ဦးပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့ကို ဒီကနေ့ ညွှန်ကြားလိုက်ပြီလို့ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းက လိပ်ကျွန်းလို့သူသိများတဲ့ ခိုတောင်းကျွန်းမှာ အသက် ၂၃ နှစ်နဲ့ ၂၄နှစ်အရွယ် ဗြိတိသျှ လူမျိုးနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က ထိုင်းရဲတွေ စတင်တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအမှုနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံနဲ့ ဗြိတိန်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးတင်းမာပြီး၊ ထိုင်းနိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ကို အကြီးအကျယ် ထိခိုက်တော့မယ့် အခြေအနေတွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

ထိုင်းရဲတွေ ဒီကနေ့ ဖမ်းဆီးတရားစွဲဆိုလိုက်တဲ့ ရခိုင်ပြည်နယ် ရသေ့တောင်နဲ့ ကျောက်ဖြူဇာတိ မြန်မာနိုင်ငံ သားနှစ်ဦးဟာ လောလောဆယ် ဆူရတ်ဌာနီ အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရပြီး လာမယ့်သီတင်းပတ် တနင်္လာနေ့မှာ သူတို့ကို သွားရောက်တွေ့ဆုံဖို့ ရှေ့နေတွေကို ညွှန်ကြားထားတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝင်းမောင်က RFA ကို ပြောပါတယ်။

"ဒီနေ့ မနက်ကပဲ ကလေးတွေနဲ့ ထောင်မှာသွားတွေ့ဖို့ ရှေ့နေနဲ့သွားတွေ့ဖို့ စာတွေဘာတွေ ပေးလိုက်ပါတယ်၊ ထွက်လာမယ့်အဖြေပေ့ါနော်၊ ထိုင်းအစိုးရကတော့ ဥပဒေအတိုင်းစစ်မှာပဲလေ၊ ဒါကတော့ သူတို့ဥပဒေအတိုင်း ကျနော်တို့ လိုက်နာရမှာပေ့ါ၊ သူတို့ကိုယ်တိုင်စစ်တယ်၊ ကျန်တဲ့ကိစ္စတွေကတော့ ကျနော်တို့က ဘယ်လိုကူညီ ရမလဲ၊ ဘယ်လိုလုပ်မလဲဥစ္စာတော့ ရှေ့နေနဲ့ ဥပဒေအတိုင်း လုပ်ခိုင်းထားပါတယ်"

တရားခံလို့ မနေ့က ဝန်ခံထွက်ဆိုလိုက်သူ မြန်မာနိုင်ငံသားနှစ်ဦးဟာ မှုခင်းစတင်ပေါ်ပေါက်စဉ်က ကနဦး ဖမ်းဆီး ခံခဲ့ရသူတွေထဲမှာ ပါဝင်ပြီး၊ မျိုးရိုးဗီဇ DNA စစ်ဆေးချက်နဲ့ မတူညီတဲ့အပြင် အမှုနဲ့မသက်ဆိုင်တာကြောင့် ပြန် လွှတ်ပေးခဲ့ပြီးနောက် အခုသီတင်းနှစ်ပတ်လောက်အကြာမှာ ဒုတိယအကြိမ် ပြန်လည်အဖမ်းခံခဲ့ရသူတွေဖြစ် တယ်လို့ ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့် က ပြောပါတယ်။ အခုအကြိမ် ဖမ်းဆီးခံရချိန်မှာတော့ သူတို့နှစ်ဦးရဲ့ မျိုးရိုးဗီဇ DNA ဟာ သတ်ဖြတ်ခံရသူတွေရဲ့ ကိုယ်ခန္ဓာမှာတွေ့ရတဲ့ DNA နဲ့ ကိုက်ညီမှုရှိတယ်လို့ ထိုင်းရဲချုပ် ဗိုလ်ချုပ်ကြီး ဆွန်ယော့က ပြောပါတယ်။

ဒီအမှုအပေါ် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအကြား အထူးစိတ်ဝင်စားမှုရှိပြီး၊ ထိုင်းအာဏာပိုင်တွေရဲ့ ဆောင်ရွက်ချက်အပေါ် သံသယရှိကြောင်း RFA ကို ပြောဆိုပါတယ်။

ဒီအကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။