တပ်မတော်က သိမ်းယူထားတဲ့မြေကို ပြန်ပေးဖို့ ဒေသခံတွေ တောင်းဆို


2018.11.16
myanmar-event-park-land-press-622.jpg ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းနဲ့ ရန်ကုန်နည်းပညာတက္ကသိုလ်ကြားက ကျွန်းကုန်းလို့ခေါ်တဲ့နေရာမှာ တပ်မတော်က သိမ်းယူထားတဲ့မြေကို ပြန်ပေးဖို့ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
Photo: Kyaw Lwin Oo/RFA

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းနဲ့ ရန်ကုန်နည်းပညာတက္ကသိုလ်ကြားက ကျွန်းကုန်းလို့ခေါ်တဲ့ တောင်သူ ၁၇ ဦး ပိုင်ဆိုင်တဲ့မြေ ၂၅ ဧကကို တပ်မတော်က စစ်တန်းလျားဆောက်လုပ်ဖို့ဆိုပြီး သိမ်းယူထား တဲ့နေရာကို မူလပိုင်ရှင်တွေထံ ပြန်လည်ပေးအပ်ဖို့ ဒေသခံတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး တောင်းဆိုလိုက်ပါတယ်။

အဲဒီကျွန်းကုန်းက တောင်သူ ၁၇ ဦးပိုင်တဲ့ ဥယျာဉ်ခြံမြေတွေကို ၁၉၉၀ ခုနှစ်တုန်းက စစ်တန်းလျားဆောင်ဖို့ဆိုပြီး နစ်နာကြေးတစ်စုံတစ်ရာမပေးဘဲ သိမ်းဆည်းခဲ့တာလို့ မြေသိမ်းခံရသူတွေက ပြောပါတယ်။

တပ်မတော်က သိမ်းဆည်းတဲ့မြေယာတွေမှာ အဆောက်အဦး ဆောက်လုပ်တောတွေမရှိဘဲ မြေလွတ်အတိုင်းသာ ရှိနေတာကြောင့် အဲဒီမြေတွေကိုပြန်ပေးဖို့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၃ ခုနှစ်တုန်းက တိုင်ကြားခဲ့ ပါတယ်။

အဲဒီလို တိုင်ကြားပြီးနောက်ပိုင်းမှာ ဌာနဆိုင်ရာ အဆောက်အဦးတွေ မဟုတ်ဘဲ၊ ပုဂ္ဂလိက အဆောက်အဦးတွေဖြစ် တဲ့ ဆွီတီဟုန်း၊ အာရှစိမ်းလန်း ဖွံဖြိုးရေးဘဏ်၊ ဓမ္မမောဠိဝိဟာရ သီလရှင်စာသင်ကျောင်းတွေကို ဒီမြေလွတ်တွေမှာ ဆောက်လုပ်လာခဲ့ကြောင်းလည်း မြေသိမ်းခံရသူတွေက ပြောပါတယ်။

ဒါကြောင့် အစိုးရသစ်လက်ထက်မှာ MRTV 4 က Myanmar Event Park ဆောက်လုပ်တာ၊ အခြားအဆောက် အအုံတွေ ပြုလုပ်နေတာကြောင့်  မြေယာမူဝါဒနဲ့အညီ အကောင်ထည် ဖော်ဖို့အတွက်လည်း ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ တောင်းဆိုခဲ့ပါတယ်။

ဒီလိုတိုင်ကြားထားတာနဲ့ ပတ်သက်ပြီး ဒီကိစ္စကို သိမ်းဆည်းမြေ ပြန်လည်စိစစ်ရေးကော်မတီကို တိုင်ကြားထား တာကို ကော်မတီက စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့ထားတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။