ကန့်ဘလူ လယ်သမားအကျိုး ဆက်ဆောင်ရွက်မည်

ခင်မောင်စိုး
2020.07.16

အင်္ဂါနေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ကန့်ဘလူသကြားစက်ရုံ စီမံကိန်းအတွက် တပ်မတော်က သိမ်းပိုက်ခဲ့တဲ့ မြေဧက ၁ဝဝဝ ကျော်နဲ့ ပတ်သက်ပြီး ထပ်မံလျော်ကြေးပေးဖို့ အစီအစဉ်မရှိဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောကြားခဲ့ပါတယ်။ ဒီကိစ္စကို လွှတ်တော်မှာ မေးမြန်းခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင် က လယ်သမားတွေရဲ့ နစ်နာမှုအတွက် မျှတမှုရရှိအောင် ဆက်လက်ဆောင်ရွက်မယ်လို့ RFA ကို ပြောပါတယ်။

ကန့်ဘလူမြို့နယ် က လယ်သမား ၁၈၃ ဦးထံကနေ တဧကကို ငွေကျပ် ၂ဝဝဝ နှုန်းနဲ့ တပ်မတော်က ၁၉၉၉ ခုနှစ်မှာ  အဓမ္မသိမ်းယူခဲ့တဲ့ မြေဧက ၁ဝဝဝ ကျော်နဲ့  စပ်လျဉ်းပြီး အမျိုးသားလွှတ်တော် “ နိုင်ငံသားတို့၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ” စစ်ကိုင်းတိုင်း မဲဆန္ဒနယ်မြေ အမှတ် ၃ က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင် မေးမြန်းခဲ့တာကို ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြန်လည်ဖြေကြားခဲ့တာနဲ့ ပတ်သက်ပြီး မြေသိမ်းခံလယ်သမားတွေက ဝမ်းနည်းကြောင်းနဲ့ မကျေနပ်ကြောင်း RFA ကို ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်ကလည်း ဥပဒေဘောင်အတွင်းက အတတ်နိုင်ဆုံးဆက်လက်ဆောင်ရွယ်မယ်လို့ ပြောပါတယ်။

“ ဒီတောင်သူတွေက ထိုက်သင့်တဲ့လျော်ကြေး မရကြတာ။ နောက်တခါ မြေအစားမရတာ၊ နောက်တခါ ဒီလယ်ဒီယာတွေမှာပဲ သူတို့ ထန်းပင်တွေစိုက်ထားတာရှိတယ်။ မန်ကျည်းပင်တွေရှိတယ် အစရှိသဖြင့် သီးပင်စားပင် စိုက်ထားတာတွေရှိတယ်။ နောက် လယ်တွေ ယာတွေထဲမှာ စိုက်ပျိုးထားတဲ့ နှမ်း၊ပဲ၊ စပါးတွေ ရှိတယ်။ ဒါတွေက ပျက်စီးသွားပြီးတော့ ဘာလျော်ကြေးမှ မရဘူးလေ။  နောက်ပြီးတော့ သိမ်းတဲ့အချိန်က တဧကကို ၈ သောင်းပေါက်တာပေါ့နော်။ အဲဒါကို ၂ ထောင်ပဲ ပေးတယ်လေ။ အဲတော့ လျော်ကြေးပေးပြီးပြီ လျော်ကြေးပေးပြီးပြီဆိုပြီး ဒီလိုပဲဖြေနေလို့မရဘူးလေ။ ဒေသမှာရှိကြတဲ့ လယ်သမားတွေက တကယ်ပဲ ဒီလယ်လေးတခုထဲပဲ သူတို့ လုပ်စားတတ်တာလေ။ ဒီလယ်ဒီယာကို သိမ်းသွားတဲ့အခါမှာ သူတို့မှာ ဘာမှမလုပ်တတ် မကိုင်တတ်။ တချို့ တောတွေတက် ထင်းခုတ် နှီးထိုး ငှက်ဖျားမိသေကြ။  တချို့လဲ ကိုယ့်လယ်ကိုယ့်ယာတွေ ပါသွားပြီးတော့ စိတ်ကယောက်ကယက်တွေဖြစ်ပြီး ရူးတဲ့လူလဲ ရူးကြ၊ မိသားစုတွေ ဖရိုဖရဲဖြစ်ပြီး ဒုက္ခတွေပေါ့ဗျာ”

ကန့်ဘလူမြို့နယ် ပျဉ်းတော်ရွာက မြေ ၄ ဧကခွဲ သိမ်းဆည်းခံရတဲ့ လယ်သမားမိသားစုဝင်တဦးကတော့ ကိုဇော်လတ်ပါ။ မြေသိမ်းခံရတဲ့အတွက် စာသင်ခန်းကို ကျောခိုင်းခဲ့ရပုံနဲ့  သူတို့လယ်ထဲက နောက်ဆုံးစိုက်ခဲ့တဲ့ စပါးတွေ အပြေးအလွှား ရိတ်သိမ်းခဲ့ရပုံတွေကို သူက အခုထိ မှတ်မှတ်ရရ ရှိနေပါတယ်။

“၁၉၉၉ ခုနှစ် မှာ ကျနော်တို့က ၄ တန်း ဖြေပြီးတော့ ကျောင်းကလဲဆက်မတက်ရတော့ဘူး။ ကျနော်တို့ ညီအကိုနှစ်ယောက်က ကျောင်းတက်ချင်တယ်။ အမေက နေလို့မရဘူးသားတဲ့ ၊ အစောတုန်းကတော့ လယ်လေး ဧကတဝက် လောက်ရောင်းပြီး အမေက နင်တို့ကို ကျောင်းထားပေးမယ်ပြောထားတာဗျ။ အဖေကလဲ ကျောင်းထားပေးမယ်လို့  ပြောတာ။ လယ်တွေသိမ်းသွားတော့ ကျောင်းတက်လို့မရတော့ဘူး။ ရတဲ့စပါးကလဲ တဝက်တပျက်ပဲ ကျနော်တို့ရလိုက်တာကိုး။ ကောင်းကောင်းမမှည့်သေးတဲ့ စပါးအစိမ်းတွေကို ရိတ်ရတာ။ ကျေးရွာဥက္ကဋ္ဌ ဦးသောင်းတင်က  ရိတ်ကြရိတ်ကြလို့ အော်ပြီးခိုင်းတော့၊ ကျနော်တို့သားအဖတွေနဲ့ချည်း မပြီးတာနဲ့ ရွာကလူတွေကို ဆင့်ပြီး လုပ်အားပေးနဲ့ ရိတ်ရတယ်။ စပါးအထွက်နှုန်းလည်း ခေါက်ချိုးလျော့သွားတယ်။ တင်း ၂ဝဝ ရမယ့်အစား  ၁ဝဝ ပဲရတာပေါ့။ အဲဒါ ကျနော်တို့က  ရှေ့ကနေ စပါးရိတ်။ သူတို့ကနောက်က ဘူဒိုဇာနဲ့ လိုက်ပြီး အတင်း ထိုးတော့တာပဲ”

အခုလို မြေသိမ်းခံရမှုအတွက် လွှတ်တော်ရဲ့ ဆောင်ရွက်မှုတွေကနေ ဘာအကျိုးရလဒ် ထွက်ခဲ့ပါသလဲ။

“ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်တုန်းက ကျနော်တို့ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်ဆိုတာ ဖွဲ့ခဲ့တယ်။ အဲဒီကော်မရှင်ကနေပြီးတော့ ၂ဝ၁၃ ခုနှစ် သြဂုတ်လမှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ အပိုင်း ၃ အပိုဒ်  ၇ဝ မှာ ကြားဖြတ်သိမ်းဆည်းမြေနဲ့ ပတ်သက်ပြီး မြေယာလျော်ကြေးတွေကို ကာလပေါက်စျေးနဲ့အညီ ပေးလျော်သင့်တယ်။ နောက်တခါ မစိုက်ပျိုးနိုင်တဲ့မြေတွေကိုလည်း မူလတောင်သူတွေကို ပြန်လည်ပြီးပေးအပ်သင့်တယ်ပေါ့ အဲဒီတုန်းက အကြံပြုတိုက်တွန်းခဲ့တာ။ အခု ၇ နှစ်ရှိသွားပြီဗျာ အခုထိဖြစ်မလာသေးဘူးပေါ့၊ နောက်ဆက်တွဲကတော့ ကျနော်တို့ ဆက်ပြီးတော့ ဆောင်ရွက်နေကြတဲ့အပိုင်းပေါ့နော်”

ပြည်သူ့ဆန္ဒကို အဓိကထားပြီးလုပ်ဆောင်မယ်လို့ ပြောလေ့ရှိတဲ့ တပ်မတော်ခေါင်းဆောင်တွေအနေနဲ့ ဒီ ကိစ္စကို ဘယ်လိုဆောင်ရွက်သင့်ပါသလဲလို့ RFA က ဦးဝင်းအောင်ကို မေးပါတယ်။

“ဘာလုပ်သင့်ပါသလဲဆိုရင် ပြန်ပေးသင့်တာပေါ့။ ဒါ မူလတောင်သူတွေ ရှိနေတာပဲလေ။ သူတို့ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်နေတဲ့မြေတွေပဲ။ ပြန်ရဖို့အတွက် မျှော်လင့်ချက်မရှိလောက်အောင် ဖြစ်သွားရတယ်ဆိုရင် ဘယ်သူမှစိတ်ကောင်းမှာ မဟုတ်ဘူးလေ”

ကာလအားဖြင့် အနှစ် ၂ဝ ကျော်ခဲ့ပါပြီ။ ကန့်ဘလူမြို့နယ်က မြေသိမ်းခံတောင်သူလယ်သမားတွေကတော့ သူတို့ရဲ့ နစ်နာမှုတွေအတွက် လက်ရှိအစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေက တစုံတရာဆောင်ရွက်ပေးမှာပဲလို့ မျှော်လင့်နေကြဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။