တရုတ်နယ်စပ် တင်းကြပ်မှုကြောင့် သစ်သီးဝလံ မတင်ပို့နိုင်ဘဲ ပျက်စီးမှု များပြား
2020.05.10
တရုတ်နိုင်ငံနယ်စပ် ဖြတ်ကျော်မှု တင်းကြပ်ထားတာကြောင့် မူဆယ်ကနေ တင်ပို့နေတဲ့ သစ်သီးဝလံတွေ ပျက်စီးဆုံးရှုံးမှု များနေပါတယ်။ တရုတ်ကို သစ်သီးတင်ပို့ဖို့ စိုက်ပျိုးနေတဲ့ တောင်သူတွေလည်း အခက်အခဲတွေ ရှိနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် တရုတ်- မြန်မာ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်မှု တင်းကြပ်ထားတာကြောင့် သစ်သီးဝလံ တင်ပို့မှုတွေမှာ ကြန့်ကြာနေရပြီး ကားပေါ်မှာတင် ပုတ်ကုန်တာကြောင့် ကုန်သည်တွေဟာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ကုန်စည်တင်ပို့တဲ့ကားတွေဟာ လမ်းမှာတင် ၈ ရက်လောက်ကြာသွားလို့ ကုန်စည်အညံ့တွေ ပုတ်ကုန်တာလို့ မူဆယ် ၁၀၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဗိုလ်က ပြောပါတယ်။
“၁၀၅ မိုင်ကနေ တစ်ခါတစ်လေ ၅ ည ၆ ည ၈ ညလောက် အိပ်ရတယ်၊ ကြန့်ကြာရတဲ့အကြောင်းက ဂိတ်အဝင်ပေါက်မှာ စစ်ဆေးတာ ကြာတော့ ကြန့်ကြာခါတိုင်း အစီး ၅၀၀ ဝင်တာ၊ အခု အစီး ၃၀၀ ပဲဝင်နိုင်တယ်၊ ဖရဲသီးတွေက ပုတ်ကုန်တယ်၊ နွားကျွေးရတာတွေ ဖြစ်အကုန်တာ။ အသီးညံ့တဲ့ဟာတွေ ကားခတောင် ရအောင်မရောင်းနိုင်တဲ့ဟာတွေ ဖြစ်တာပါ”
မြန်မာနိုင်ငံက သစ်သီးဝလံ တင်ပို့တဲ့ကားတွေမှာ ယာဉ်မောင်းတွေကို ဝင်ခွင့်မပြုဘဲ တရုတ်နယ်စပ်စီးမှာ ရပ်ထားခဲ့ရပြီး တရုတ်နိုင်ငံဘက်က ယာဉ်မောင်းက ကားကိုမောင်းယူကာ ကုန်စည်တွေကို တင်သွင်းနေရ တာဖြစ်ပါတယ်။
အဲဒီလို ကားသမား လဲလှယ်မောင်းနှင်ရတာကြောင့် အရင်က တစ်ရက်ကို ကား အစီး ၅၀၀ တင်ပို့နိုင်ရာကနေ အခု တစ်ရက်ကို ကားအစီး ၃၀၀ တင်ပို့နိုင်ဖို့တောင် ခက်ခဲနေရတာဖြစ်ပါတယ်။
မြန်မာနိုင်ငံ ဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ဆုံးရှုံးမှုများပြားပြီး ကားခတောင် ပြန်မရနိုင်တဲ့ အခြေအနေမျိုးဖြစ်လာတဲ့အခါ လမ်းတစ်ဝက်မှာ ပစ္စည်းသွန်ခိုင်းပြီး ကားခတစ်ဝက် သာ ပေးချေဖို့ ညှိနှိုင်းရတာမျိုး ရှိလာတယ်လို့ ဆိုပါတယ်။
“ကားခက ၂၀ (သိန်း) ပေးရတယ်၊ ဟိုလှမ်းစုံစမ်းတဲ့အခါ အခြေအနေ မကောင်းဘူး၊ တက်လာရင် ဒီမှာ ကားခတောင်မရနိုင်ဘူးဆိုတော့ ကားဆရာကို လှမ်းပြောရတယ်၊ ကားဆရာ ဟိုရောက်ရင် ကားခတောင် ရဖို့မလွယ်တော့ ငဲ့ပါဦး သိန်း ၂၀ ကို ၁၀ သိန်းပေးပါမယ် သီပေါမှာပဲ လမ်းဘေးပုံခဲ့ပါဆိုပြီး အဲလို သွန်ခဲ့ရတဲ့ကားတွေလည်း အများကြီးပဲ”
ကားခပြန်ရဖို့တောင် မသေချာတဲ့ အခြေအနေတွေကြောင့် ဝယ်လက်တွေဟာ တောင်သူတွေဆီက ဆင်းဝယ်တာမျိုးတွေ မလုပ်နိုင်တော့ပါဘူး။
တောင်သူတွေမှာလည်း ဖရဲသီးကို နွားကျွေးနေရတဲ့ အခြေအနေရောက်နေတယ်လို့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က တောင်သူ ဦးကျော်ဆန်းဝင်းက ပြောပါတယ်။
“ဖရဲသီးသမားတွေကတော့ နွားကျွေးရတာနဲ့ ပုတ်လွှင့်ပစ်ရတာနဲ့ တစ်ရွာဝင်တစ်ရွာထွက်လည်း မသွားရ ကောက်တဲ့သူတွေကလည်း မလာ ကိုဗစ်နိုင်တင်းနဲ့ ပတ်သက်ပြီး ဆုံးရှုံးရတာ ပုတ်လွှင့်ပစ်ရ ပျက်စီးတာ တစ်ဝက်”
နှစ်နိုင်ငံ တရားဝင်ကုန်သွယ်ခွင့်ရရှိထားတဲ့ ဖရဲနဲ့ သခွားတွေ ပျက်စီးမှုများပြားသလို ကုန်သွယ်ခွင့် သဘောမတူ ထားတဲ့ စိုက်ပျိုးသီးနှံတွေလည်း တရားမဝင်နည်းလမ်းနဲ့ တင်သွင်းနေရာမှာ ပျက်ဆီးဆုံးရှုံးမှုတွေ ရှိနေပါတယ်။
စိန်တစ်လုံး သရက်ဈေးကွက်ကတော့ ပြည်တွင်းမှာ ဈေးကောင်းပေး စားသုံးသူတွေရှိလာလို့ အဆင်ပြေတယ်လို့ ပြောလို့ရကြောင်း မန္တလေးတိုင်း သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်း ဥက္ကဋ္ဌ ဦးနေလင်းမောင်မောင်က ပြောပါတယ်။
“ဖရဲ၊ သခွားမှာ ပျက်စီးဆုံးရှုံးမှုရှိပေမယ့် သရက်မှာမရှိဘူး၊ ပြည်တွင်းစားသုံးမှုက တက်လာတယ်၊ အရင် ကတော့ တရုတ်ပဲ ဝိုင်းပို့နေတာ၊ ပြည်တွင်းမှာလည်း ဈေးကောင်းပေးစားတယ်၊ အွန်လိုင်းဈေးကွက်လည်း ရှိတာတယ်၊ တရုတ်ဘက်က ဈေးကလည် ကျနေတာဆိုတော့ မြန်မာဈေးကွက်က သုံးလာတာရှိတော့ အဆင်ပြေတယ်လို့ ယူဆရတယ်”
ဇန်နဝါရီလက စတင်ပြီး တရုတ်နိုင်ငံကို တင်ပို့ရောင်းချမှုမှာ အခက်အခဲတွေ ရှိလာတာဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ကုန်ကြမ်းတင်ပို့တာမျိုး မဟုတ်ဘဲ အရည်အသွေးမြှင့်တင်ပြီး ဈေးကွက်ရှာဖွေတာတွေ လုပ်ဆောင်သင့်နေပြီလို့ သရက်စိုက်ပျိုး တင်ပို့ရောင်းချနေတဲ့ ဒေါ်သန်းသန်းဆွေက ဆိုပါတယ်။
“အစိုးရဌာနက အရည်အသွေးမြင့်မယ်၊ ပညာရှင်တွေက သင်ပေးမယ်ဆိုရင် ဆုံးရှုံးမှုနည်းသွားမှာ လွန်ခဲ့တဲ့ ၅ နှစ်လောက်က FAO ရယ်၊ မြန်မာ့စိုက်ပျိုးရေးရယ်၊ စီးပွားကူးသန်းရယ်၊ ကျွန်မတို့ အသင်းရယ်၊ ပေါင်းတဲ့အဖွဲ့ က သရက်ပြင်သင်တန်းပေးတယ်၊ သရက်ပြင်ကို လှလှပပ လုပ်တတ်လာတယ်၊ သရက်သီးအခြောက် ဘယ်လို လုပ်ရတယ်၊ အအေးခံတာ ဘယ်လိုဆိုတာ သိလာတော့ ဆုံးရှုံးတာတွေ နည်းလာပါတယ်”
မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့နေတဲ့ သစ်သီးဝလံတွေထဲမှာ ဖရဲ၊ သခွားမွေး၊ ငှက်ပျော၊ ကြက်မောက်သီး၊ မင်းဂွတ်သီးနဲ့ သရက်သီး စတာတွေက နှစ်နိုင်ငံ ကုန်သွယ်ခွင့်ရရှိထားပြီး ဖြစ်ပါတယ်။
ကုန်သည်တွေက ပြောင်းဖူး၊ ကျွဲကောသီးနဲ့ နာနတ်သီးတွေကိုပါ တရားဝင်တင်ပို့ခွင့်ရနိုင်ရေး တောင်းဆိုထားကြ ပါတယ်။