ICC သဘောထားတောင်းဆိုချက်ကို တုံ့ပြန်စရာမရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောကြား

2018-06-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို ၂၀၁၈ ခုနှစ်၊ မေလ ၂၃ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်
နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို ၂၀၁၈ ခုနှစ်၊ မေလ ၂၃ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နှင်ထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ နယ်သာလန်နိုင်ငံ The Hague မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံးက စုံစမ်းစစ်ဆေး အရေးယူမယ့်အပေါ် မြန်မာအစိုးရအနေနဲ့ ဇူလိုင်လ ၂၇ ရက်နေ့ နောက်ဆုံးထားပြီးတုံ့ပြန်ဖို့ ICC တရားသူကြီးတွေက ဆုံးဖြတ်လိုက်ပါတယ်။

ဧပြီလက ပေးပို့ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်များအရေး ICC က ဝင်ရောက်စုံစမ်း အရေးယူဖို့ သင့်မသင့် အကြောင်းကြား စာကို ဇူလိုင် ၂၇ နောက်ဆုံးထား စောင့်ဆိုင်းဖို့ တရားသူကြီးတွေက မနေ့က ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံပိုင်နက်နယ်မြေပေါ်မှာ အစုလိုက်အပြုံလိုက် တိုင်းပြည်ကနှင်ထုတ်တဲ့ ရာဇဝတ် ကျူးလွန်တယ်လို့ စွပ်စွဲထားတဲ့အပေါ်မှာ သက်ဆိုင်ရာနိုင်ငံရဲ့ လေ့လာချက်နဲ့ သဘောထားသိနိုင်ဖို့ တရားရုံးကနေ တောင်းခံ ထားကြောင်း၊ မြန်မာနိုင်ငံဘက် တုံ့ပြန်ချက်ကို ဇူလိုင်လ ၂၇ ရက်နေ့အထိ နောက်ဆုံးထားစောင့်ဆိုင်းဖို့ ဆုံးဖြတ်ကြောင်း မနေ့က ကြေညာချက်ထုတ်ပြန်တာဖြစ်ပါတယ်။

ဒီလို ICC ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့နိုင်ငံတော်အတိုင်ပင်ခံရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို RFA က ဆက်သွယ်မေးမြန်းရာမှာ ICC ရဲ့ တောင်းဆိုချက်ကို မြန်မာအစိုးရအနေနဲ့ တုံ့ပြန်စရာမရှိကြောင်း အခုလို ပြောကြားခဲ့ပါတယ်။

"မြန်မာနိုင်ငံက ICC အဖွဲ့ဝင် မဟုတ်တဲ့အတွက် ICC ရဲ့ သက်ရောက်မှုမရှိဘူး၊ အဲဒါကိုပဲ ပရိုစီကျူတာပြောတဲ့ အထဲမှာ ဘင်္ဂလားရှေ့်က ICC အဖွဲ့ဝင်ဖြစ်တဲ့အတွက် ပတ်သက်ဆက်စပ်ပြီးပြောတဲ့အခါမှာ သူကိုယ်တိုင်က မသေချာမရေရာပြောထားတယ်၊ ဥပဒေနဲ့ အကြောင်းအရာ ကြည့်မယ်ဆိုရင်ကို တော်တော်ခိုင်ခိုင်မာမာ မရှိဘူးဆိုတဲ့သဘောပြောထားတယ်၊ ကျနော်တို့က ICC အဖွဲ့ဝင် မဟုတ်တာ၊ အဖွဲ့ဝင်မဟုတ်တဲ့နိုင်ငံကို ICC က ဘာလုပ်လို့ရမှာလဲ၊ လုပ်လို့လည်းမရဘူး၊ အဲဒီတော့ ကျနော်တို့က ဘာမှလည်း ပြောစရာမရှိဘူး"

ဒါကတော့ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးပြောသွားတာပါ။

ကမ္ဘာစစ်ရာဇဝတ်မှုတွေကို ပထမဆုံးအခြေစိုက်ရုံးဖွင့်ပြီး တရားစီရင်နေတဲ့ ICC အနေနဲ့ စာချုပ်အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးမထားတဲ့အတွက် မြန်မာနိုင်ငံမှာ တရားစီရင်ခွင့်မရှိပါဘူး။ ဒါပေမဲ့ အဖွဲ့ဝင်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ ဒီအမှုကို ကိုင်တွယ်စီရင်ခွင့်ရှိမရှိ သဘောထား စုံစမ်းနေတာဖြစ်ပါတယ်။

ဒီအမှုကို ရုံးတော်တင်ခဲ့တဲ့ ICC တရားရုံးရှေ့နေ Fatou Bensouda က ဒီအမှုဟာ နယ်စပ်ဖြတ်ကျော် အမှုဖြစ်တဲ့အတွက် ICC အနေနဲ့ မူအရ ဝင်ရောက်စီရင်ခွင့်ရှိပေမယ့် တိုင်ပြည်ကနှင်ထုတ်တဲ့အမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်မှုရှိမရှိနဲ့ တရားရုံးရဲ့ စီရင်ပိုင်ခွင့် ဘယ်အထိရှိနိုင်မလဲ ဆိုတဲ့အချက်တွေက ရေရေရာရာမရှိဘူးလို့ လျှောက်လဲချက်မှာ ဖော်ပြထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့