သံတော်ဆင့်ဂျာနယ် တောင်းပန်ပုံ ဝန်ကြီးဌာန လက်မခံနိုင်ဟု ပြော


2014.12.09
myanmar-herald-305.jpg မြန်မာသံတော်ဆင့် ဂျာနယ်မျက်နှာဖုံးတစ်ခုကို တွေ့ရစဉ်
Photo: RFA

နိုင်ငံတော်သမ္မတရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမှုနဲ့ တရား စွဲခံထားရတဲ့ မြန်မာသံတော်ဆင့် သတင်းဂျာနယ် က ထုတ်ဝေသူနဲ့ အယ်ဒီတာချုပ်အပါအဝင် ၁၁ ဦးအမှု ကို နေပြည်တော်ကောင်စီ ပုဗ္ဗသီရိမြို့နယ်တရားရုံးမှာ ဒီနေ့ စစ်ဆေးရာ တရားလိုဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီး ဌာန ရုံးအဖဲ့ွမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး လာရောက်ထွက်ဆိုသွားခဲ့ကြောင်း သိရပါတယ်။

ဦးမြင့်ထွေးက မြန်မာသံတော်ဆင့်ဂျာနယ်ပါ အင်တာဗျူး နဲ့ ပတ်သက်ပြီး ဂျာနယ်က တောင်းပန်ပုံ တောင်းပန် နည်းကို လက်မခံနိုင်ကြောင်းနဲ့ စာနယ်ဇင်းကောင်စီကို ညှိနှိုင်းပေး ဖို့ စာပေးပို့ခဲ့ကြောင်း စသဖြင့်တရားရုံးမှာ ထွက်ဆိုခဲ့တယ် လို့ တရားစွဲခံရသူ ၁၁ ဦးရဲ့ ရှေ့နေ ဦးဇော်လင်းက ပြော ပါတယ်။

"တရားလိုကတော့ တိုင်တဲ့အတိုင်းပေါ့ သူကတော့ သက်သေခံတွေဘာတွေတင်တာပေါ့ သူ့ကိုတာ ဝန်ပေးလို့ သူဒီမှာတရားလိုလုပ်ပြီးတော့ အမှုကိုဆောင်ရွက်ရတဲ့အကြောင်းတို့၊ ကျန်တာနောက်ပိုင်း အင် တာဗျူးနဲ့ ပတ်သက်လို့ စာနယ်ဇင်းကောင်စီကို သူတို့ပို့တဲ့စာပေါ့ ညှိနှိုင်းပေးဖို့၊ ဖြေရှင်းပေးဖို့၊ နောက်နှစ် ဖက်ညှိနှိုင်းတာ အဆင်မပြေတဲ့အကြောင်းပေါ့၊ သံတော်ဆင့်ကတောင်းပန်ပေမဲ့ တောင်းပန်ပုံ တောင်းပန် နည်းကို သူတို့မကျေနပ်ဘူးပေါ့လေ၊ တောင်းပန်တာကိုအဲ့လောက်နဲ့ မလုံလောက်ဘူးဆိုပြီး အဲ့ဒါနဲ့ တရားစွဲတယ်၊ အဲ့လိုပြောတယ်"

ဒီအမှုကို လာမယ့်  ၂၃ ရက်နေ့မှာ ထပ်မံစစ်ဆေးသွားမှာဖြစ်ပြီး အဲ့ဒီရုံးချိန်းမှာ တရားလို ဦးမြင့်ထွေးဘက်က သက်သေတွေကို စစ်ဆေးမေးမြန်းသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ထုတ်ဝေခဲ့တဲ့ မြန်မာသံတော်ဆင့်ဂျာနယ်မှာ ဖေါ်ပြခဲ့တဲ့  ဗေဒါနိုင်ငံရေး သိပ္ပံ ကျောင်းအုပ် ဦးမျိုးရန်နောင်သိမ်းနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ နိုင်ငံတော်သမ္မတရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ အသုံးအနှုန်းတွေ ပါဝင်ခဲ့တယ်ဆိုပြီး ပြန်ကြားရေးဝန်ကြီးဌာနက ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ရေးသားမှု သတင်းမီဒီယာဥပဒေပုဒ်မ ၂၅ (ခ) နဲ့ မြန်မာသံတော်ဆင့် သတင်းဂျာနယ် ထုတ်ဝေသူနဲ့ အယ်ဒီတာချုပ် ဦးကျော်စွာဝင်း ၊ ဒုတိယအယ်ဒီတာချုပ် ဦးအောင်ကျော်မင်း၊ ဦးဆန်းဝင်းထူးနဲ့ ဦးအံ့ခေါင်မင်း အပါအဝင် ၁၁ ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။