မြန်မာ့ခရီးသွား လုပ်ငန်းကို တိုးချဲ့ဖို့ ဂျာမနီ စိတ်ဝင်စား


2013.07.22

မြန်မာနိုင်ငံအနေနဲ့ ကိုယ့်ရဲ့သမိုင်းဝင် အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်သင့်တယ်လို့ ဂျာမဏီနိုင်ငံက တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းကိုတိုးချဲ့ဖို့ ဂျာမဏီနိုင်ငံက စိတ်ဝင်စားနေပါတယ်။

ဂျာမဏီ နိုင်ငံခြားရေးရုံးဝန်ကြီး Cornelia Pieper က မြန်မာနိုင်ငံမှာ ဂျာမန်ကုမ္ပဏီတွေ လုပ်ကိုင်နေကြပါတယ်၊ ဂျာမန်လူမျိုးတွေဟာ ခရီးသွား အလွန်ဝါသနာပါကြတာနဲ့အမျှ၊ မြန်မာနိုင်ငံက ခရီးသွားလုပ်ငန်းကိုတိုးချဲ့ဖို့ ဂျာမဏီအစိုးရက စိတ်အားထက်သန်နေပါတယ်၊ တကယ်လို့ မြန်မာနိုင်ငံမှာ အလယ်အလတ်တန်းအဆင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ အစီအမံတွေရှိမယ်ဆိုရင် အများကြီးပိုကောင်းသွားမှာဖြစ်ပါတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာရှိနေတဲ့ သီးခြားယဉ်ကျေးမှု အမွေအနှစ်တွေကို ယူနက်စကို အပါအဝင် တခြားနိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ဂရုတစိုက် စနစ်တကျ ထိန်းသိမ်းပါလို့ နိုင်ငံတကာအသိုင်းအဝန်းကိုယ်စား ပြောချင်ပါတယ်လို့လည်း ဆိုပါတယ်။

အလားတူ TSA ခေါ် အာရှခရီးသွားလုပ်ငန်း ညွှန်ကြားရးမှူးကလည်း  မြန်မာ့ခရီးသွားလုပ်ငန်းဟာ အလားအလာ အင်မတန်မှ ကောင်းပါတယ်၊ လေကြောင်းလိုင်းတွေလည်း များလာတယ်၊ ဂျာမဏီနဲ့ မြန်မာ တိုက်ရိုက်လေကြောင်းလိုင်း တစ်ခုလည်းရှိနေပါပြီ၊ ဒါပေမဲ့ အဆင်မပြေတာတွေလည်းရှိပါတယ်၊ ဟိုတယ်ခန်း ကြိုငှားတဲ့အခါ ဟိုတယ်အများစုက အခန်းလွတ်မရှိတော့ဘူးလို့ ပြောကြပါတယ်၊ ဒါပေမဲ့ ကိုယ်တိုင်ရောက်သွားတဲ့အခါ အခန်းလွတ်တွေ တွေ့ရပါတယ်။ ဟိုတယ်စီမံခန့်ခွဲမှု အားနည်းနေပါသေးတယ်၊

ဒါ့ပြင် မြန်မာနိုင်ငံတွင်းမှာ ဈေးနှုန်းတွေ ရုတ်တရက်ချက်ခြင်း မြင့်တက်သွားတတ်တာကလည်း ပြဿနာတစ်ခုပါ၊ တချို့နေရာတွေမှာ ရာနှုန်း ၂၀၀ ကနေ ၃၀၀ လောက်အထိ မြင့်သွားလို့ မြန်မာပြည်ကို သွားရောက်လည်ပတ်ဖို့ စီစဉ်ထားကြတဲ့ ခရီးသည်တွေ အခက်အခဲတွေ့ကြရပါတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။