မြန်မာဆိုင်ရာ လူ့အခွင့်ရေး ကိုယ်စားလှယ် သက်တမ်းတိုး
2015.03.27
မြန်မာ၊ မြောက်ကိုရီးယား၊ အီရန်နဲ့ ဆီးရီးယားနိုင်ငံတွေ က လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာစုံစမ်းဖို့ အတွက် အထူးကိုယ်စားလှယ်တွေကို ထပ်မံသက်တမ်း တိုးခန့်အပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မနေ့က ဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ၂၈ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးမှာ ဆုံးဖြတ်ချက် အခုလို ဆုံးဖြတ်ချက် ချမှတ်တာပါ။
အခုလို သက်တမ်းတိုးဖို့အတွက် လူ့အခွင့်အရေးကောင် စီ အစည်းအဝေးမှာ အချေအတင် ဆွေးနွေးခဲ့ကြတယ် လို့ AHRC အာရှ လူ့ အခွင့်အရေးကော်မရှင် ရှေ့နေ ဦးမင်းလွင်ဦးက RFA ကို ပြောပါတယ်။
"ဒီဆုံးဖြတ်ချက်ချတဲ့အထဲမှာ ထောက်ခံတဲ့နိုင်ငံတွေရှိသလို ကန့်ကွက်တဲ့နိုင်ငံတွေလည်း ရှိတာပေါ့နော် ၊ ထောက်ခံတဲ့နိုင်ငံက နိုင်ငံ ၂ဝ ရှိတယ်၊ ကန့်ကွက်တဲ့နိုင်ငံ ၁၁ နိုင်ငံရှိတယ်၊ ကြားနေ ၁၆ နိုင်ငံရှိတယ်"
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ၂ဝ၁၅ ရွေးကောက်ပွဲကိစ္စ၊ ရခိုင်ပြည်နယ်ကိစ္စ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကိစ္စ၊ ပြီးပြည့်စုံတဲ့ နိုင်ငံရေးအဖြေတွေရမယ့်ဘက် ဦးတည်နိုင်အောင် အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲစတဲ့ အချက်အလက်တွေကို လူ့အခွင့်အရေး ကောင်စီက ထောက်ပြခဲ့ပါတယ်။
မြန်မာအစိုးရက အပြုသဘောဆောင်တဲ့ နောက်ဆုံးဖြစ်ရပ်တွေ၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ ဒီမိုကရေစီပြုပြင်ပြောင်း လဲရေး လမ်းကြောင်းဆက်လက်သွားနေတယ်လို့ အာမခံတာတွေကိုတော့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ကြိုဆိုခဲ့ပါတယ်။
အဲ့ဒီ ဆုံးဖြတ်နဲ့ ပတ်သက်ပြီး မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်စောင် မနေ့ကပဲ ထုတ်ပြန်ခဲ့ရာ မှာ လူ့အခွင့်အရေးကောင်စီအနေနဲ့ ပြည်သူတွေရဲ့ လူ့အခွင့်အရေး တိုးမြှင့်ရရှိ ခံစားစေဖို့နဲ့ ကာကွယ်စောင့်ရှောက်ဖို့ ဆောင်ရွက်တာတွေနဲ့ ရလဒ်တွေကို ဓမ္မဓိဌာန်ကျကျ သုံးသပ်ဖော်ပြတာ အားနည်းတဲ့ အပြင် တချို့အချက်အလက်တွေဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် ရာရောက်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် လာမယ့် ရွေးကောက်ပွဲကို လွတ်လပ်မျှတပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ကြိုးပမ်းနေ တာတွေကို မျက်ကွယ်ပြုပြီး ရွေးကောက်ပွဲရဲ့ရလဒ်အပေါ် ကြိုတင်ဝေဖန် ပြောကြားတာတွေ ပါဝင်နေတယ် လို့လည်း မြန်မာအစိုးရ ကိုယ်စားလှယ်ကပြောပါတယ်။
ဒီ ဆုံးဖြတ်ချက်ချမှတ်လိုက်တာနဲ့ ပတ်သက်လို့ AHRC အာရှလူ့အခွင့်အရေးကော်မရှင်ရှေ့နေ ဦးမင်းလွင်ဦး ကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။