မြန်မာ့အရေး နိုင်ငံတကာက ဖိအားပေးဖို့ ထိုင်းရောက်မြန်မာတွေ တောင်းဆို

မေစိုး(ဝါရှင်တန်ဒီစီ)
2021-03-05
Share

စစ်ကောင်စီ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း မြန်မာ့နွေဦးတော်လှန်ရေး ဆန္ဒဖော်ထုတ်ပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရောက် မြန်မာနိုင်ငံသားတွေက မတ်လ ၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ချင်းမိုင်မြို့ရောက် မြန်မာ၊ ကချင်၊ ရှမ်း၊ ကရင် အပါအဝင် တိုင်းရင်းသားရာနဲ့ချီပြီး ချင်းမိုင်မြို့က ထင်ရှားတဲ့ ထာဖေဂိတ်မှာ လူစုစည်းပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာအရေးကို နိုင်ငံတကာကဖိအားပေးဖို့ ဆန္ဒဖော်ထုတ်တောင်းဆိုတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် ဆလိုင်းယော်အောင်က ပြောပါတယ်။

“ကျနော်တို့မှာ ဘာလက်နက်မှ မရှိဘူး။ ကျနော်တို့မှာ ခုခံကာကွယ်နိုင်စွမ်း မရှိတော့ဘူးလား။ သူတို့ကြတော့ ကျနော်တို့ကို ချေမုန်းနေတာ။ ကျနော်တို့က လက်နက်မရှိတဲ့လူ ကာကွယ်ခွင့် မရှိတော့ဘူးလား။ ကျနော်တို့ကို ကာကွယ်ပေးနိုင်တာ နိုင်ငံတကာ ကာကွယ်ပေးနိုင်မှာ မြန်မာပြည်မှာရှိတဲ့ ပြည်သူတွေ ဘာမှမလုံခြုံမှု မရှိတော့ဘူး။ ဥပဒေဆိုတာ ဘာမှမရှိတော့ဘူး”

မြန်မာစစ်တပ်က လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ရပ်တန့်ပေးနိုင်ရေးအတွက် နိုင်ငံတကာက ချက်ချင်းဝင်ရောက်ကူညီပေးဖို့ တောင်းဆိုတဲ့ ထုတ်ပြန်ချက်ကိုလည်း ဂျပန်ကောင်စစ်ဝန်ရုံးနဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးကို ပေးပို့ခဲ့ပါတယ်။

မွန်းလွဲ ၁၂ နာရီကနေ ၂ နာရီထိ ကျုံးပတ်ပတ်လည် ကြွေးကြော်ချီတက်ဆန္ဒပြခဲ့ပြီးနောက်ည ၇ နာရီထိ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးမှာ ကျဆုံးသူတွေအတွက် ဘာသာပေါင်းစုံက ဆုတောင်းပေးခဲ့ပါတယ်။ ဆန္ဒပြပွဲမှာ ကျဆုံးရသူတွေကို ဂုဏ်ပြုအလေးပြုတာနဲ့ ဟောပြောပွဲတွေ ပြုလုပ်ခဲ့ကြသလို၊ ထိုင်းကျောင်းသားတွေကလည်း သရုပ်ဖော် တင်ဆက်မှုတွေ ပါဝင်ပြုလုပ်ခဲ့ကြပါတယ်။

ဆန္ဒပြခဲ့သူ လူငယ်တဦးက .....

“စစ်အာဏာသိမ်းတော့ အကုန်လုံး ပျက်စီးတယ်။ ပညာရေးကအစ နောက်ပြန်ဆုတ်ရရတော့မယ်။ အန်အယ်လ်ဒီ လက်ထက်မှာဆိုရင် တဖြည်းဖြည်း တက်သွားတယ်။ ကျနော်တို့ ကျောင်းသားတွေဆို ပညာရေးကို နောက်ကို ပြန်သွားတဲ့အခြေအနေမျိုး ပြန်မရောက်ချင်ဘူး”

စစ်ကောင်စီအာဏာသိမ်းတဲ့ပြီး နောက်တရက် ဖေဖော်ဝါရီလ ၂ ရက်နေ့ကနေစပြီး ဘန်ကောက်မြို့က ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR)ရှေ့၊ မြန်မာသံရုံးရှေ့၊ချင်းမိုင်မြို့က မြန်မာကောင်စစ်ဝန် ရုံးရှေ့တွေမှာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေနဲ့ကျောင်းသားတွေက နေ့စဉ်ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့