အိန္ဒိယရဲ့ နယ်စပ်ကျော် သူပုန်တိုက်ခိုက်မှု မြန်မာ ငြင်းဆို

အိန္ဒိယ မြန်မာနယ်စပ်၊ မြန်မာဘက်ခြမ်းကို ဝင်ရောက်ခိုအောင်းပြီး အိန္ဒိယအစိုးရကို လက်နက်ကိုင် ပုန်ကန်တိုက်ခိုက်နေတဲ့ လူမျိုးစုသူပုန်အဖွဲ့တွေကို အိန္ဒိယစစ်တပ်က မြန်မာနိုင်ငံ ပိုင်နက်အတွင်းထိ လိုက်လံရှင်းလင်းခဲ့တယ်ဆိုတာ မဟုတ်မှန်ကြောင်း မြန်မာအစိုးရက မနေ့က ငြင်းဆို လိုက်ကြောင်း သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

အိန္ဒိယ မြန်မာနယ်စပ်၊ မြန်မာဘက်ခြမ်းကို ဝင်ရောက်ခိုအောင်းပြီး အိန္ဒိယအစိုးရကို လက်နက်ကိုင် ပုန်ကန်တိုက်ခိုက်နေတဲ့ လူမျိုးစုသူပုန်အဖွဲ့တွေကို အိန္ဒိယစစ်တပ်က မြန်မာနိုင်ငံ ပိုင်နက်အတွင်းထိ လိုက်လံရှင်းလင်းခဲ့တယ်ဆိုတာ မဟုတ်မှန်ကြောင်း မြန်မာအစိုးရက မနေ့က ငြင်းဆိုလိုက်ကြောင်း သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က အိန္ဒိယ မြန်မာနယ်စပ် မဏိပူပြည်နယ်မှာ နာဂသူပုန်အဖွဲ့တစ်ဖွဲ့က အစိုးရစစ်တပ်ကို ခြုံခိုတိုက်ခိုက်ခဲ့ရာမှာ စစ်သား ၂ဝ ကျဆုံးခဲ့ပြီး၊ ၁၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။

အဲ့ဒီနောက် အိန္ဒိယစစ်တပ်က ပြီးခဲ့တဲ့အင်္ဂါနေ့က အင်အားအလုံးအရင်းနဲ့ လေကြောင်းပစ်ကူပါ သုံးစွဲပြီး သူပုန်တွေကို နှိမ်နင်းခဲ့ရာမှာ၊ မြန်မာပိုင်နက်အတွင်း ဝင်ပြေးခဲ့ကြတဲ့ သူပုန်တွေကို လိုက်လံချေမှုန်းခဲ့ကြောင်း၊ သူပုန်စခန်းနှစ်ခု ဖျက်ဆီးနိုင်ခဲ့ကြောင်း အိန္ဒိယအစိုးရက ကြေညာခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယသတင်းစာတွေက စစ်တပ်ဟာ မြန်မာပိုင်နက်အတွင်းထိ လိုက်လံတိုက်ခိုက် ခဲ့ကြောင်း ဖော်ပြခဲ့ကြပြီး၊ အစိုးရကိုလည်း ဒီကိစ္စမေးခွန်းထုတ်ခဲ့ကြပါတယ်။

အိန္ဒိယကာကွယ်ရေးဝန်ကြီး ရောင်းအင်ဒါဂျစ်ဆင်းက မိမိတို့အနေနဲ့ အတင်းဝင်ရောက် လိုက်လံ တိုက်ခိုက်တာ မဟုတ်ကြောင်း၊ မတိုက်ခိုက်ခင် မြန်မာအာဏာပိုင်တွေကို ဆက်သွယ်အသိပေးခဲ့ကြောင်း ပြောဆိုခဲ့တယ်လို့ သတင်းတွေမှာဖော်ပြခဲ့ကြပါတယ်။သတင်းတချို့ကတော့ အိန္ဒိယစစ်တပ်ဟာ တိုက်ခိုက်ပြီးမှ မြန်မာအစိုးရကို အကြောင်းကြားခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အိန္ဒိယရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ပါကစ္စတန်နိုင်ငံ ပြည်ထဲရေးဝန်ကြီးက အိန္ဒိယစစ်တပ်ရဲ့ လုပ်ရပ်ကို ရှုတ်ချဝေဖန်လိုက်ပြီး၊ ပါကစ္စတန်ဘက်ကိုသာ အခုလို ကျူးကျော်လာမယ်ဆိုရင် မြန်မာလို ငုံ့ခံနေမှာမဟုတ်ကြောင်း ပြောဆိုလိုက်တယ်လို့ အိန္ဒိယ PTI သတင်းကဖော်ပြပါတယ်။

မြန်မာအစိုးရ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကတော့ မြန်မာ့တပ်မတော်က ပေးပို့တဲ့သတင်းအရ တိုက်ပွဲတွေဟာ အိန္ဒိယမြန်မာနယ်စပ် အိန္ဒိယဘက်ခြမ်းမှာသာ ဖြစ်ပွားခဲ့တာလို့သိရကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ မိမိရဲ့ပိုင်နက်ကို အသုံးချပြီး အိမ်နီးချင်းနိုင်ငံတွေကို တိုက်ခိုက်နေတဲ့ ဘယ်နိုင်ငံခြားသားတွေကိုမှ လက်ခံမှာမဟုတ်ကြောင်း သူ့ရဲ့အင်တာနက် Facebook လူမှုကွန်ရက်မှာ မနေ့က ဖော်ပြခဲ့တယ်လို့ AFP သတင်းကဆိုပါတယ်။