နိုင်ငံ့ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေး

2018-06-08
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၂၀၁၈ ဇွန်လ ၈ ရက်နေ့ကကျင်းပတဲ့ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး အခြေအနေများနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို တက်ရောက်လာတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို တွေ့ရစဉ်
၂၀၁၈ ဇွန်လ ၈ ရက်နေ့ကကျင်းပတဲ့ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး အခြေအနေများနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို တက်ရောက်လာတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို တွေ့ရစဉ်
Photo: Myanmar President Office

အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်ထိပ်တန်းခေါင်းဆောင်တွေ ဒီကနေ့- ဇွန်လ ၈ ရက်နေ့မနက်ပိုင်းက သမ္မတအိမ်တော်မှာ အထူး အစည်းအဝေးတရပ် ပြုလုပ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်အရေး၊ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံတကာဆက်ဆံရေး အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒီအစည်းအဝေးကို ကာ/လုံ လို့ခေါ်တဲ့ “အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ” အစည်းအဝေးလို့ ခေါင်းစဉ် တပ်မထားပေမယ့်၊ ကာလုံအဖွဲ့ဝင် ၁၁ ဦးလုံး တက်ရောက်ခဲ့ကြပါတယ်။

ဒါ့အပြင်၊ လက်ရှိကျင်းပနေတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးတွေကို ပယ်ဖျက်ပြီး ကြားဖြတ်ပြုလုပ်ခဲ့တဲ့ အစည်းအဝေးလည်း ဖြစ်ပါတယ်။

အစည်းအဝေးမှာ... ဒုက္ခသည်တွေ ပြန်လက်ခံရေးအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR/ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP တို့နဲ့ နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့တဲ့ကိစ္စ၊ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းမယ့်ကိစ္စ၊ Shangri-La Dialogue လို့ခေါ်တဲ့ အာရှ-ပစိဖတ် လုံခြုံရေးညီလာခံကိစ္စ၊ ရခိုင်ပြည်နယ်နဲ့ နယ်စပ်လုံခြုံရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အစည်းအဝေးကို ကာ/လုံအဖွဲ့ဝင် ၁၁ ဦးဖြစ်တဲ့ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ၂ ဦး၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ဦး၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးနဲ့… အတိုင်ပင်ခံရုံးဝန်ကြီး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်၊ သမ္မတရုံး ဒုတိယဝန်ကြီးတို့ တက်ရောက်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို ထိပ်သီးခေါင်းဆောင်တွေတက်တဲ့ အစည်းအဝေးကို သမ္မတဟောင်းဦးထင်ကျော်လက်ထက်- ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက် အောက်တိုဘာလ ၁၄ ရက်နေ့မှာ “အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အထူးအစည်းအဝေး” ဆိုတဲ့ခေါင်းစဉ်နဲ့ တကြိမ် ကျင်းပခဲ့ဖူးပါတယ်။

NLD အစိုးရသက်တမ်း ၂ နှစ်ကျော်ကာလအတွင်း အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးအမည်နဲ့ တွေ့ဆုံဆွေးနွေးကြတာ မရှိသေးပါဘူး။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

ဒီအချိန်ဟာ စစ်တပ်ဟာ သမ္မတလက်အောက်မှာနေပါ တယ်ဆိုပြီး ကြေညာလိုက်ဖို့ အသင့်လျော်ဆုံးအချိန်ဖြစ် ပါတယ်။
ဒီလိုဖြစ်သွားလို့ စစ်တပ်သြဇာကျမသွားပါဘူး။ စစ်တပ်က အချိန်မရွေး အာဏာသိမ်းနိုင်တာပဲ။

Jun 09, 2018 12:35 PM

ဆိုက်တခုလုံးသို့