မြန်မာရွှေ့ပြောင်း အလုပ်သမား ယာယီ ပတ်စ်ပို့စ် ထုတ်ပေးရေးရုံး ထိုင်းနိုင်ငံတွင် ဖွင့်လှစ်

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် ယာယီ ပတ်စ်ပို့စ် ထုတ်ပေးရေးရုံး (၂) ရုံးကို ဘန်ကောက်နဲ့ စမုတ်ပရာကန်တို့မှာ သက်ဆိုင်ရာက ဒီကနေ့ ဖွင့်လှစ်လိုက်ပါတယ်။

2012.04.20
labor_thai_burma_minister_305_z.jpg ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများကို တရားဝင်မှတ်ပုံတင်ခွင့် စတင်တဲ့ ၂၀၁၁ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှာ ထိုင်းနိုင်ငံ စမုတ်ဆာခွန် ခရိုင်၊ မဟာချိုင် အလုပ်သမား မှတ်ပုံတင်ရုံးကို မြန်မာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမောင်မြင့်က ထိုင်း အလုပ်သမား ဝန်ကြီး ချလန်ချိုင်း စီရီအွန် နဲ့အတူ သွားရောက် ကြည့်ရှုပြီး အလုပ်သမားများ မှတ်ပုံတင်ရေး ကိစ္စ ရှင်းလင်း ပြောကြားနေပုံ။ (ဓါတ်ပုံ RFA)
RFA

လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း HRDF အတိုင်ပင်ခံ မစ္စတာ ANDY Hall က -

“မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် နိုင်ငံသားစီစစ်ရေးရုံး ၂ ရုံး ဒီလို ဖွင့်လှစ်လိုက်တာဟာ မြန်မာအလုပ်သမား ဒုဝန်ကြီး ဦးမြင့်သိန်းရဲ့ တိုက်တွန်းတောင်းဆိုမှုကြောင့် ဖွင့်ဖြစ်တာဖြစ်ပါတယ်။ ပြီးရင် တနင်္လာနေ့ မနက် (၉) နာရီမှာလည်းပဲ ချင်းမိုင်၊ စမုတ်ဆာခွန်နဲ့ ဆူရတ်ဌာနီ စင်တာ (၃) ခုကိုလည်း ထပ်မံ ဖွင့်လှစ်ဦးမှာ ဖြစ်ပါတယ်” လို့ ပြောသွားပါတယ်။

ဒီလိုဖွင့်လှစ်တာဟာ ထိုင်းနဲ့ မြန်မာအစိုးရ နှစ်ရပ်လုံးက ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ သူတို့ရဲ့အခွင့်အရေးတွေကို အသိအမှတ်ပြုတာ ဖြစ်သလို၊ ကုန်ကျစရိတ် သက်သာစေဖို့ ဆောင်ရွက်ပေးတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာအလုပ်သမား ဒုတိယဝန်ကြီး ဦးမြင့်သိန်းဟာ ထိုင်းအစိုးရ အာဏာပိုင်တွေအပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးကို ဘန်ကောက်မြို့မှာ မနေ့က ဆွေးနွေးခဲ့တယ်လို့ အဆိုပါ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ NGO တစ်ခုမှ အရာရှိ ဦးစိန်ဌေးက ပြောပါတယ်။

“အဓိက သူရောက်လာတဲ့ အကြောင်းကတော့ ဒီထိုင်းနိုင်ငံမှာဖွင့်မယ့် နိုင်ငံသားစီစစ်ရေးရုံး (၅) ရုံး ထပ်ဖွင့်မယ့်ကိစ္စပေါ့။ ထိုင်းဘက်က နှောင့်နှေးနေတာကို အမြန်ဆုံး ဖွင့်လှစ်အောင် လာပြီးဆွေးနွေးတာရယ် နောက်ပြီးတော့ အခုတလောမှ ဖြစ်ပွားနေတဲ့ MOU စနစ်နဲ့ ဝင်ရောက်လာတဲ့ တရားဝင် အလုပ်သမားတွေ ဆန္ဒပြကြတဲ့ ကိစ္စပေါ့နော်။ စာချုပ် ချုပ်ထားတဲ့အတိုင်း လုပ်အားခမရတဲ့ကိစ္စ ဖြေရှင်းဖို့အတွက် သူက ဆွေးနွေးသွားတယ်ပေါ့။ အဓိက ပွိုင့် (၂) ချက်ပေါ့”

မြန်မာအစိုးရ အလုပ်သမားအရာရှိနဲ့ သံရုံးက ကိုယ်စားလှယ်တချို့ဟာ မကြာသေးခင်က ဆန္ဒပြတောင်းဆိုမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ဆွန်ခလာခရိုင်က ဖတ်တနာ ပင်လယ်အစားအစာ စက်ရုံကို ဒီကနေ့ သွားရောက်ပြီး မြန်မာလုပ်သားအရေး ဆွေးနွေး ဖြေရှင်းပေးနေပြီး၊ လာမယ့်တနင်္လာနေ့မှာ ဒုဝန်ကြီးနဲ့အဖွဲ့ဟာ ဆွန်ခလာကို သွားရောက်မယ်လို့လည်း သိရပါတယ်။

ထိုင်းနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၂ သန်းကျော်ရှိပြီး၊ သူတို့ မြန်မာနိုင်ငံကို ပြန်လည်ပေးပို့တဲ့ငွေတွေဟာ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အထောက်အကူဖြစ်တာကြောင့် ဒီအလုပ်သမားတွေကို ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်သမားတွေဖြစ်အောင် ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်းလည်း ဒုဝန်ကြီး ဦးမြင့်သိန်းက ပြောကြားခဲ့ပါတယ်။

မြန်မာအလုပ်သမား ဗီဇာခကိုလည်း ဘတ် ၂၀၀၀ ကနေ ဘတ် ၅၀၀ ကိုလျော့ချပေးပြီး နောက်ထပ် မြန်မာအလုပ်သမား ၂ သိန်းကို တရားဝင်လက်မှတ်တွေ ပြုလုပ်ပေးပြီး ထိုင်းနိုင်ငံက စက်ရုံတွေမှာ အလုပ်လုပ်ခွင့်ပြုမှာ ဖြစ်ပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဦးဇော်မိုးကျော်ရဲ့ တင်ပြချက်ကို ဆက်လက်နားဆင်နိုင်ပါတယ်။

တင်ပြချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-04-21 02:49

I would like to know the place and direction or address.Pls let me know if possible.Thank you