ထိုင်းက ရွှေ့ပြောင်းလုပ်သားတွေကို ဗိုင်းရပ်စ်စစ်ဆေးခ လျှော့ပေး

လုဆိုင်း
2021-01-27
Share

ထိုင်းနိုင်ငံမှာ အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို တရားဝင်နေထိုင်ခွင့်လက်မှတ် ပန်းရောင်ကတ် လုပ်တဲ့အခါ ကုန်ကျရမယ့် ကိုဗစ်စစ်ဆေးခ ဘတ် ၃၀၀၀ ကနေ ဘတ် ၇၀၀ လျှော့ပေးလိုက်သလို နေထိုင်ခွင့်သက်တမ်းကုန်မယ့် ရွှေ့ပြောင်းလုပ်သားတွေလည်း ခြောက်လ အခမဲ့နေထိုင်ခွင့် တိုးပေးလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့နေထိုင်တဲ့ မြန်မာ၊ ကမ္ဘောဒီယား၊ လာအိုနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား တွေကို တရားဝင်နေထိုင်ခွင့် လက်မှတ်အသစ် လုပ်ပေးရာမှာ ကိုဗစ်ရောဂါပိုးစစ်ဆေးခ ဘတ် ၃ဝဝဝ သတ်မှတ်ထားရာက ဘတ် ၇၀၀ လျှော့ပေးလိုက်ပါတယ်။

ဒါကြောင့် ဘတ် ၂၃၀၀ ပဲပေးသွင်းရတော့မှာ ဖြစ်သလို၊ သက်တမ်းကုန်တော့မယ့် အလုပ်သမားတွေကိုလည်း ခြောက်လကြာ အခမဲ့ နေထိုင်ခွင့်ပြုလိုက်တယ်လို့ ဇန်နဝါရီလ ၁၆ ရက်နေ့က ထိုင်းဝန်ကြီးများ အစည်းအဝေးကနေ အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။ လက်မှတ်အသစ်လုပ်ဖို့ ကိုယ်ရေးအချက်အလက် တင်သွင်းထားတဲ့ မြန်မာအလုပ်သမား တစ်သိန်းနှစ်ထောင်ကျော်ရှိနေပြီ ဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ကိုဗစ်ရောဂါပိုး စစ်ဆေးခ ဘတ် ၇ဝဝ လျှော့ချပေးလိုက်ပေမယ့် အလုပ်သမားတွေအတွက် များပြားနေသေးတယ်လို့ မြန်မာပြည်သားအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA ) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“ထိုင်းလူ့အခွင့်အရေးအဖွဲ့တွေနဲ့ ထိုင်းရှေ့နေများကောင်စီတွေက အွန်လိုင်းမှာ Campaign ကန့်ကွက်နေတာ ၁၄ ရက်လောက်ရှိပြီ။ အဲဒီ ကိုဗစ်စစ်ဆေးခ ဘတ် ၃၀၀၀နဲ့ ပတ်သက်ပြီးတော့။ အခု ၇၀၀ ပဲ လျှော့တယ်ဆိုတော့ တစုံတရာ သင့်တော်မှုရှိပေမယ့် သိသာထင်ရှားစွာ သင့်တော်မှုမရှိသေးဘူး။ ပြောမယ်ဆိုရင် ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ကိုဗစ်စစ်ဆေးခ ကောက်ခံစရာ မလိုဘူးဆိုတဲ့သဘောထားက အမှန်ဆုံးပဲ"

ရွှေ့ပြောင်းလုပ်သားတွေ ပေးသွင်းရတဲ့ လူမှုဖူလုံကြေး ဘတ် ၄၂၀၀ ကိုပါ လျှော့ပေးတယ်ဆိုရင်တော့ သင့်တော်တဲ့ ဈေးနှုန်းဖြစ်တယ်လို့လည်း ဦးမိုးကြိုးက ပြောပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတဦး မသင်းသင်းကလည်း ထိုင်းအစိုးရကနေ ကိုဗစ်စစ်ဆေးခ ဘတ် တစ်ထောင်ကျော်လောက် လျှော့ပေးစေလိုတယ်လို့ ပြောပါတယ်။

“ဖြစ်နိုင်လို့ ရှိရင် တစ်ထောင်ကျော်လောက်ဆို နည်းနည်းကျေနပ်သေးတယ်။ အခုဟာကြီးက အရမ်းနည်းလွန်းတယ်။ အခက်အခဲတွေဖြစ်။ အလုပ်တွေကလည်း အဆင်မပြေ။ တချို့အလုပ်တွေဆိုရင် ပြန်ဆင်းရပြန်တော့ အို(အိုတီ) က မရှိသေးဘူး။ နေ့စားလောက်နဲ့ ပြန်ရသေးတယ်။ စားဝတ်နေရေး၊ အခန်းကလည်း တလကို နှစ်ထောင်ကျော်၊ အဲဒီလို ရှိသေးတယ်"

လက်မှတ်အသစ် လုပ်ဖို့ အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက် နေ့ကနေ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထိ အွန်လိုင်းကနေ သွင်းခွင့်ပြုထားပါတယ်။ ဧပြီလ ၁၆ ရက်နေ့ထိ နောက်ဆုံးထားပြီး ကိုဗစ်-၁၉ ရောဂါ ရှိ-မရှိ စစ်ဆေးရမှာဖြစ်ပြီး အလုပ်လုပ်ခွင့်ကိုတော့ အောက်တိုဘာလ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ရမှာဖြစ်ပါတယ်။

ကိုယ်ရေးအချက်အလက် တင်သွင်းထားတဲ့ မြန်မာအလုပ်သမား တစ်သိန်းနှစ်ထာင်ကျော်ရှိအထဲမှာ အလုပ်ရှင်ရှိသူ ခုနှစ်ထောင်ကျော် ရှိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ နေထိုင်ခွင့် ဗီဇာသက်တမ်းကုန်တော့မယ့် ရွှေ့ပြောင်းအလုပ်သမား လေးအုပ်စုကိုလည်း သက်တမ်းတိုးမယ့် လုပ်ငန်းစဉ်တွေလုပ်ဖို့ အချိန် ခြောက်လကြာ အခမဲ့ နေထိုင်ခွင့်ကို ထိုင်းဝန်ကြီးများ အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့ပါတယ်။

“နောက်ထပ် အချိန် ၆ လထပ်စောင့် အချိန်ပေးလိုက်တာပေါ့။ အစိုးရကို ကျေးဇူးတင်ပါတယ်။ သို့သော်လည်း ထိုင်းအစိုးရကိုယ်တိုင်က မူလကတည်းကိုက သူတို့က ကုန်ကျစရိတ်ကို ဘယ်လောက်ထိ မြင့်ထားမယ်။ အချိန် ကာလကန့်သတ်ချက်တွေကို ဘယ်လောက်ထိ လျှော့ပေါ့လုပ်မယ်ဆိုတာ အလျှော့အတင်း လုပ်မယ်ဆိုတာ ကြိုတင်တွက်ဆထားပုံရတယ်။ သိပ်တော့အထူးအဆန်းကြီး မဖြစ်ပါဘူးလေ”

မတ်လ ၃၁ ရက်နေ့မှာ ဗီဇာသက်တမ်းကုန်မယ့် စာအုပ်ကိုင်ဆောင်ထားသူတွေကို ဧပြီလကနေ စက်တင်ဘာလအထိ အခမဲ့နေထိုင်ခွင့် ပြုထားသလို၊ မည်သူမည်ဝါ ဖြစ်ကြောင်း အထောက်အထားပြ CI စာအုပ်၊ နှစ်နိုင်ငံ သဘောတူညီမှု MOU လေးနှစ်ပြည့်နဲ့ နှစ်နှစ်ပြည့် စာအုပ်ကိုင်ဆောင်ထားသူတွေနဲ့ Border pass စတဲ့စာအုပ် သက်တမ်းကုန်သူတွေကိုလည်း လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ နေထိုင်ခွင့်ပြုထားပါတယ်။ ဒီအုပ်စုတွေဟာ ခြောက်လအတွင်း ကျန်းမာရေး စစ်ဆေးခြင်း၊ နေထိုင်ခွင့်တွေ ရဖို့ လုပ်ငန်းစဉ်တွေကို အပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့