ကိုဗစ်ကာလအတွင်း ထိုင်းကို ခိုးဝင်တဲ့ မြန်မာတွေ ပြန်ပို့ခံရ

လုဆိုင်း
2020.08.03

ကိုဗစ်-၁၉ အရေးပေါ်ကာလမှာ ထိုင်း-မြန်မာ နယ်စပ်တလျှောက် လူကုန်ကူးသူတွေနဲ့ ချိတ်ဆက်ပြီး တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ နေ့စဉ်ဆိုသလို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးတာကို ခံနေရပါတယ်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ဘက်ကို နယ်စပ်ဖြတ်ကျော်ပြီး ခိုးဝင်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းဘက်က လူဝင်မှုကြီးကြပ်ရေး ယာယီထိန်းသိမ်းရေးစခန်းမှာ စစ်ဆေးမှုတွေ  ပြုလုပ်ပြီး မြန်မာနိုင်ငံကို ပြန်ပို့ပေးတာတွေ ရှိတယ်လို့ မဲဆောက်မြို့က မြန်မာအလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က RFA ကို ပြောပါတယ်။

ကိုဗစ်-၁၉ အရေးပေါ်ကာလမှာ ထိုင်းဘက်က နယ်စပ်ဖြတ်ကျော်လာတဲ့ တရားမဝင် ဝင်လာသူတွေကို ပြစ်ဒဏ်ပေးဖို့ ထိုင်းအစိုးရက ဥပဒေချမှတ်ထားပေမယ့် လတ်တလောမှာ အဲဒီဥပဒေအတိုင်း အရေးယူတာတွေ မရှိသေးဘဲ မြန်မာနိုင်ငံကို ပြန်လွှဲပြောင်းပေးတယ်လို့  ဦးဝေလင်းမောင်က ပြောပါတယ်။

တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူတွေကို ထောင်ဒဏ် ၃ လက ၁ နှစ်ထိနဲ့ ပြစ်ဒဏ် ဘတ်ငွေ ၁ သိန်းက ၂ သိန်းထိ ချမှတ်ဖို့  ထိုင်းအစိုးရက သတ်မှတ်ထားပေမဲ့ ဥပဒေအတိုင်း အတိအကျ အရေးမယူသေးဘူးလို့  ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

အရေးပေါ်ဥပဒေအရ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူတဦးဟာ ကိုဗစ်-၁၉  ရောဂါစောင့်ကြည့်ရေးစခန်းတွေမှာ ၁၄ ရက်ကြာ နေခိုင်းပြီး လဝက အက်ဥပဒေအရ ထောင်ဒဏ် ၄၅ ရက်ကြာ ထိန်းသိမ်းထားပြီး မြန်မာပြည်ကို ပြန်ပို့နေတာလို့ ဦးမိုးကြိုးက ပြောပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ကော့သောင်း-ရနောင်းဘက်ကနေ ခိုးဝင်လာလို့ ဖမ်းဆီးခံရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကိုတော့ မြန်မာပြည်ကို ပြန်မပို့ဘဲ အရေးယူမှုတွေ ဆက်လုပ်မယ်လို့ ရနောင်းမြို့က ပညာရေးနဲ့ဖွံဖြိုးရေး ဖောင်ဒေးရှင်း (FED)ရဲ့ အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။
ဇူလိုင်လ ၃၁ ရက်နေ့ မနက်ပိုင်းက  တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် သောင်ရင်းမြစ်ကနေ ဖြတ်ကျော်လာတဲ့ မြန်မာအလုပ်သမား ၁၈ ဦး၊ ကန်ချနဘူရီ ခရိုင်က ၃၃ ဦး အပါအဝင် ဇူလိုင်လထဲမှာပဲ ဖမ်းဆီးခံရသူ အားလုံး ၂၀၀ လောက် ရှိနေပြီလို့ ဦးမင်းဦးက ပြောပါတယ်။

ဇူလိုင်လ ၃၁ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးက မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီး ၉ ဦးနဲ့ အမျိုးသား ၈ ဦးကို တရားမဝင် ဝင်ရောက်လာမှုနဲ့ ဖမ်းဆီးခဲ့ပြီး သူတို့ကို လူဝင်မှုကြီးကြပ်ရေးရုံးကနေ ဥပဒေအရ အရေးယူကာ ပြည်နှစ်ဒဏ်ပေးခဲ့တယ်လို့  ဇူလိုင်လ ၃၁ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းနယ်စပ်တလျှောက် စောင့်ကြည့် စစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေတာကြောင့် တရားဝင် ဝင်လာကြဖို့ ဦးမင်းဦးက ပြောပါတယ်။
မတ်လကနေ ဇူလိုင်လအထိ တရားမဝင် ထိုင်းနိုင်ငံထဲ ဝင်ရောက်လာသူ ၁ သောင်းကျော် အဖမ်းခံခဲ့ရပြီး အဲဒီထဲမှာ မြန်မာအလုပ်သမား ၆ ထောင်ကျော် ပါဝင်တယ်လို့ ထိုင်းအစိုးရ လူဝင်မှုကြီးကြပ်ရေးက သတင်းထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံထဲ ရွှေ့ပြောင်းအလုပ်သမား ၁ သိန်း ၂ သောင်းလောက်ကို ပြန်လက်ခံဖို့ ထိုင်းအစိုးရက ဇူလိုင်လ ၂၂ ရက်နေ့က ကြေညာခဲ့တဲ့နောက် ထိုင်းနိုင်ငံကို တရားဝင်ပြန်ရောက်လာတဲ့ မြန်မာအလုပ်သမားတွေ ရှိနေပြီး မဲဆောက်-မြဝတီလမ်းကနေ မြန်မာနိုင်ငံကို ပြည်တော်ပြန်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ဒီနေ့ထိ ၉ သောင်း ၅ ထောင်ကျော် ရှိနေပြီလို့ မဲဆောက်မြို့က မြန်မာသံအရာရှိ ဦးဝေလင်းမောင်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။