မြန်မာ့တပ်မတော် ထိပ်တန်း အရာရှိ ၄ ဦးကို ကန် ပိတ်ဆို့


2018.08.17
military-leaders-622.jpg ၇၂ ကြိမ်မြောက် တပ်မတော်နေ့မှာ မြန်မာ့တပ်မတော် အရာရှိတချို့ကို တွေ့ရစဉ်
Photo: RFA

မြန်မာ့တပ်မတော် ထိပ်တန်း အရာရှိ ၄ ဦးနဲ့ တပ်မ ၂ ခုကို ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ အပြင်းအထန် လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် အမေရိကန်ပြည်ထောင်စုက သောကြာနေ့ မနေ့က ပိတ်ဆို့အရေးယူမှုတွေ ပြဌာန်းလိုက်ပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားပိုင်ပစ္စည်း ထိန်းချုပ်ရေးရုံးရဲ့ ကြေညာချက်အရ ပိတ်ဆို့အရေးယူတဲ့ စာရင်းမှာ ပါဝင်သူ ၄ ဦးကတော့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ လှုပ်ရှားမှုတွေကို ကွပ်ကဲခဲ့တဲ့ အမှတ် ၃ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ ဘူးသီးတောင် အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ခင်မောင်စိုး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင် နဲ့ ရဲမှူးချုပ် သူရ စန်းလွင်တို့ဖြစ်ပါတယ်။ အဲဒီ တပ်မတော်အရာရှိတွေနည်းတူ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တဲ့ ခြေမြန်တပ်မ ၃၃ နဲ့ ၉၉ ကိုလည်း အရေးယူပိတ်ဆု့ိတဲ့ စာရင်းမှာ ထည့်သွင်းထားပါတယ်။

သူတို့ကို Global Magnitsky Human Rights Accountability Act ကမ္ဘာလုံးဆိုင်ရာ မက်ဂနစ်စကီး လူ့အခွင့်အရေး တာဝန်ယူမှု ဥပဒေအရ အခုလို ပိတ်ဆု့ိမှုတွေ ချမှတ်လိုက်တာဖြစ်ပါတယ်။ အဲဒီ အက်ဥပဒေကို ၂ဝ၁၂ ခုနှစ် သမ္မတ အိုဘားမားလက်ထက်မှာ ရုရှားနိုင်ငံအပေါ်လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် အရေးယူဖို့ စတင်ပြဌာန်းခဲ့ပြီး ၂ဝ၁၆ ခုနှစ်မှာတော့ ကမ္ဘာတစ်ခုလုံးက လူ့အခွင့်အရေးချိုးဖောက်တဲ့ အစိုးရ အရာရှိတွေကို အရေးယူဖု့ိ အမေရိကန် လွှတ်တော်က အတည်ပြုခဲ့ပါတယ်။ ဒီဥပဒေနဲ့ အရေးယူခံရသူတွေကို ပိုင်ဆိုင်မှုတွေ သိမ်းယူခြင်း၊ သူတို့နဲ့ စီးပွာရေး ဆက်ဆံမှုတွေကို တားမြစ်ခြင်းနဲ့ အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်ခြင်းတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇောဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင် ၇ သိန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထွက်ပြေးခဲ့ရတဲ့ စစ်ဆင်ရေးတွေကို ကွပ်ကဲခဲ့သူဖြစ်ပါတယ်။ အလားတူ ဗိုလ်မှူးချုပ် ခင်မောင်စိုးဟာ ၂ဝ၁၇ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်နုရွာမှာဖြစ်ပွားခဲ့တဲ့ လူသတ်ပွဲမှာ မွတ်စလင် ရွာသားတွေ ကို ဥပဒေမဲ့ ညှဉ်းပန်းနှိပ်စက် မုဒိမ်းကျင့်သတ်ဖြတ်မှုတွေအတွက် တာဝန်ရှိသူဖြစ်ပြီး ရဲမှူးချုပ် သူရစန်းလွင်ကတော့ အဲဒီအချိန်က နယ်ခြားစောင့် ရဲတပ်ဖွဲ့မှူးဖြစ်ကြောင်း၊ နောက်တဦးဖြစ်တဲ့ ဗိုလ်ချုပ်ခင်လှိုင်ကတော့ ၂ဝ၁၆ ခုနှစ်ကပြု လုပ်တဲ့ ရှမ်းပြည်နယ် မုံကိုးဒေသ စစ်ဆင်ရေးတွေမှာ ကချင်၊ ရှမ်း၊ တအန်းနဲ့ ကိုးကန့်စတဲ့ ဒေသခံလူထုကို ဥပဒေမဲ့ သတ်ဖြတ်မှု၊ လူသားဒိုင်းတွေအဖြစ် အသုံးပြုမှု၊ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိ သူဖြစ်ကြောင်း စသဖြင့် ဘဏ္ဍာရေးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ တပ်မ ၃၃ ကတော့ ရခိုင်ပြည်နယ် က စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ပြီး ချွပ်ပြင်ရွာမှာ ရွာသား ၃၅ဝ လောက်ကို တစ်နေ့တည်း သတ်ပစ်ခဲ့တယ်လို့ The Wall Street Journal မှာ ဖော်ပြထားပါတယ်။ တပ်မ ၉၉ ကတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့သလို ရခိုင်ပြည်နယ်မှာလည်း တပ်မ ၃၃ နဲ့ ပူးတွဲစစ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ နိုင်ငံတဝန်းက လူနည်းစုနေထိုင်ရာဒေသတွေမှာ လူမျိုးတုန်းရှင်းလင်းမှု၊ လူအစု အပြုံလိုက်သတ်ဖြတ်မှု၊ မုဒိမ်းမှု၊ ရွာတွေကို မီးရှို့မှု စတဲ့ ဥပဒေချိုးဖေါက်မှုတွေကို အပြင်းအထန် ပြုလုပ်ခဲ့ကြောင်းနဲ့ အခုလို ကျူးလွန်ခဲ့မှုတွေအတွက် တာဝန်ရှိသူတွေကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူဖို့လိုကြောင်း ဘဏ္ဍာရေး ဌာန ထိပ်တန်းအရာရှိတစ်ဦးက ပြောပါတယ်။

ဒီပိတ်ဆို့မှုဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ အမေရိကန်ပြည်ထောင်စုရဲ့ အပြင်းထန်ဆုံး အရေးယူမှုဖြစ်ပါတယ်။ သမ္မတ ထရမ့် အစိုးရဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး အရင်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ် မောင်မောင်စိုး တစ်ဦးတည်းကိုပဲ အရေးယူပိတ်ဆို့ခဲ့ပါတယ်။ ဒါပေမဲ့ လွှတ်တော်အမတ်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက အဲဒီပဋိပက္ခနဲ့စပ်လျဉ်းပြီး ဒီထက်ပြင်းထန်တဲ့ အရေးယူမှုတွေပြုလုပ်ဖို့ အစိုးရကို ဖိအားပေးခဲ့ကြပြီးနောက် အခုလို ပိတ်ဆု့ိမှုပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

မနေ့က ကြေညာချက်နဲ့ပတ်သက်ပြီး ထင်ရှားတဲ့ အမေရိကန်အမတ်တွေဖြစ်ကြတဲ့ ဘာနီဆင်းဒါး၊ မာကို ရူဘီယို တို့အပါအဝင် အမေရိကန်ပါတီ ၂ ရပ်ပေါင်းမှာရှိတဲ့ အထက်လွှတ်တော်အမတ် ၁၇ ဦးက မြန်မာစစ်တပ်အပေါ် အခုထက် ပိုမိုထိရောက်တဲ့ အရေးယူမှုတွေပြုလုပ်ဖို့ သမ္မတ ထရမ့် အစိုးရကို စာတစ်စောင်ရေးသား တိုက်တွန်း ခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။