ဂျပန်ရေတပ်ကို တပ်မတော်အရာရှိတွေ လေ့လာ
2020.01.24
ဂျပန်ရေတပ်ရဲ့ ပင်လယ်ရေအောက် ဆေးကုသရေးစင်တာနဲ့ အရေးပေါ်ရေငုပ်သင်္ဘော ကယ်ဆယ်ရေးလုပ်ငန်း တွေကို ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိသူတစ်ဦးနဲ့ တခြားအရာရှိတွေဟာ ဂျပန်ရေတပ်မှာ သွားရောက်လေ့လာခဲ့ ကြပါတယ်။
မြန်မာ့တပ်မတော်အရာရှိတွေကို ဂျပန်ရေတပ်က အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းနဲ့ ရေအောက်ဆေးကုသရေး တိုးတက်စေရေးအတွက် ဖိတ်ခေါ်ပြသခဲ့ကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထား ပါတယ်။
ရေငုပ်သင်္ဘော စစ်ဆင်ရေးအတွင်း ဒါမှမဟုတ် ပင်လယ်အောက် ရေငုပ်သင်္ဘော မတော်တဆဖြစ်ရင် အရေးပေါ်အပိုင်းနဲ့ ရေငုပ်သင်္ဘောထဲမှာ ဆေးကုသရတဲ့ကိစ္စတွေ ဘယ်လိုဆောင်ရွက်ကြမလဲဆိုတဲ့အပိုင်းကို လေ့လာကြတဲ့သဘောလို့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအင်စတီကျူရဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောပါတယ်။
တပ်မတော်အရာရှိတွေဟာ ရေငုပ်သင်္ဘော ကယ်ဆယ်ရေးစစ်သင်္ဘော ချီယိုဒါ (Chiyoda) နဲ့ ဂျပန်ရေတပ် (JMSDF) ရဲ့ ရေအောက်ဆေးကုသရေး စင်တာတွေကို လေ့လာခဲ့ပြီးတော့ နှစ်ဖက်သတင်းအချက်အလက်တွေ ဖလှယ်ခဲ့တာလည်း ပါဝင်တယ်လို့ ဇန်နဝါရီ ၁၅ ရက်နေ့တုန်းက ထုတ်ပြန်ထားတာပါ။
ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းဓာတ်ပုံတွေအရ တပ်မတော်အရာရှိ ခြောက်ဦး ပါဝင်ပြီး တော့ ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိသူတစ်ဦးနဲ့ တပ်မတော်-ရေ ဝတ်စုံကိုဝတ်ဆင်ထားတဲ့ ဗိုလ်မှူးအဆင့်ရှိ အရာရှိတစ်ဦးလည်း ပါဝင်တာတွေ့ရပါတယ်။
တပ်မတော်-ရေ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဂျပန်ခရီးစဉ်နဲ့ပတ်သတ်ပြီး တရားဝင်ထုတ်ပြန်ထားခြင်း မရှိပါဘူး။ တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း ဂျပန်ခရီးစဉ်ကို သူ့အနေနဲ့ မသိရှိဘူးလို့ RFA ကို ဗုဒ္ဓဟူးနေ့တုန်းက ပြောပါတယ်။
ကြာသပတေးနေ့တုန်းက နေပြည်တော်မှာ ကျင်းပတဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာတော့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ၂၀၃၀ မှာ ရေငုပ်သင်္ဘောအုပ်စု ဖွဲ့စည်းနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။
“၂၀၃၀ မှာ ရေငုပ်သင်္ဘောအုပ်စု ပိုင်ဆိုင်ရေးဟာ တပ်မတော်ရဲ့ ရည်မှန်းချက်ဖြစ်ပြီး စစ်တိုက်စရာ မလိုဘဲ အာလုံးရဲ့ အရိုအသေရအောင် လုပ်ဆောင်နေတယ်”
သေနင်္ဂမဟာဗျူဟာ လေ့လာရေးအင်စတီကျူရဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးကတော့ တပ်မတော်ရေက ပိုင်ဆိုင်ထားတဲ့ အိန္ဒိယ တစ်ပတ်ရစ် Kilo Class ရေငုပ်သင်္ဘော စတင်လည်ပတ်နေပြီဖြစ်တဲ့အတွက် အဲဒီလုပ်ငန်း တွေမှာ အသုံးပြုဖို့ သွားရောက်လေ့လာတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
လက်ရှိမြန်မာက ဝယ်ယူထားတဲ့ Kilo Class ရေငုပ်သင်္ဘောဟာ ၁၉၈၀ ခုနှစ်ကတည်းက ရုရှားက တည်ဆောက် ထားတာဖြစ်ပါတယ်။ ဒါကြောင့် တိုက်ခိုက်ရေးထက် သင်တန်းပို့ချရေးမှာအဓိက အသုံးပြုဖို့ ဝယ်ယူတာလို့လည်း သုံးသပ်ကြပါတယ်။
ဦးသိန်းထွန်းဦးကတော့ “ရေငုပ်သင်္ဘောက သက်တမ်းအရ နည်းနည်းကြာမြင့်နေပြီဖြစ်တာကြောင့် ရေရှည်မှာ (Kilo Class) စစ်ဆင်ရေးအတွက် အသုံးပြုဖို့ အဆင်မပြေပါဘူး။ Operation ပိုင်းမှာ သုံးမယ်ဆို အသစ်တွေက မဖြစ်မနေလိုအပ်မှာပါ။ အသစ်တွေရောက်လာဖို့လည်း ကျနော်တို့ မျှော်လင့်စရာရှိပါတယ်” လို့ ပြောပါတယ်။
တပ်မတော်က အနည်းဆုံး ရေငုပ်သင်္ဘော သုံးစီး ဒါမှမဟုတ် လေးစီး ဝယ်ယူဖို့ရှိတယ်လို့လည်း အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ တပ်မတော်သားဟောင်းလည်းဖြစ်တဲ့ ဦးသိန်းထွန်းဦးကတော့ လက်ရှိလည်း Kilo Class ကို သုံးနေတာကြောင့် အသစ်ဝယ်မယ့် ရေငုပ်သင်္ဘောဟာလည်း ရုရှားထုတ် Kilo Class ပဲ ဝယ်ယူနိုင် ခြေများတယ်လို့ သုံးသပ်ပါတယ်။
အရေအတွက်ကတော့ ရေငုပ်သင်္ဘောတပ်ဖွဲ့ ဖွဲ့စည်းမှုအပေါ် မူတည်မယ်လို့ ပြောပါတယ်။ ဒေသတွင်း နိုင်ငံတွေ မှာလည်း အနည်းဆုံး သုံးစီး အသုံးပြုလေ့ရှိတယ်လို့ ပြောပါတယ်။ ပင်လယ်ပြင်စိုးမိုးရေး ရေငုပ်သင်္ဘော နှစ်စီး လှုပ်ရှားလေ့ရှိပြီး၊ တစ်စီးကိုတော့ ကမ်းကပ်ထားလေ့ရှိတယ်လို့ ဆိုပါတယ်။
“အနည်းဆုံး သုံးစီး ပတ်ဝန်းကျင်ဖြစ်မယ်လို့ ကျနော်တို့ ခန့်မှန်းထားပါတယ်။” လို့ ဦးသိန်းထွန်းဦးက ပြောပါတယ်။
ဂျပန်ဟာ ဒီဇင်အင်ဂျင်နဲ့လည်ပတ်တဲ့ တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတွေကို ကိုယ်ပိုင်တည်ဆောက်ပြီး ပြည်ပဈေး ကွက်တွေကိုလည်း တင်ပို့ရောင်းချတဲ့ နိုင်ငံဖြစ်ပါတယ်။ Soryu ဆိုယုလို့ အမည်ရတဲ့ ရေငုပ်သင်္ဘောမျိုးဆက်ဟာ နိုင်ငံတကာဈေးကွက်မှာ နာမည်ကြီးပါတယ်။ Diplomat စာစောင်ရဲ့ဖော်ပြချက်အရ ၂၀၁၈ တုန်းကဆိုရင် သြစတြေးလျကို အမေရိကန်ဒေါ်လာ ၃၆ ဘီလီယံ တန်ကြေးရှိတဲ့ ရေငုပ်သင်္ဘော စာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့တဲ့ သာဓကတွေရှိပါတယ်။
ဂျပန်ဟာ မြန်မာနိုင်ငံမှာ ဘီလီယံနဲ့ချီ စီးပွားရေးရင်းနှီးမြှပ်နှံထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေး နယ်ပယ်မှာ ဆက်ဆံရေးခြေလှမ်းသွက်ပေမယ့် နှစ်နိုင်ငံတပ် အချင်းချင်း ကူးလူးဆက်သွယ်မှုက သိပ်မထင် ရှားပါဘူး။ ဒါပေမဲ့ ၂၀၁၉ ခုနှစ်နောက်ပိုင်းမှာတော့ ဂျပန်လေတပ်ရဲ့ Koku-Jieitai C-2 အမျိုးအစား ရန်ကုန်ကိုရောက်ရှိလာပြီး နှစ်နိုင်ငံလေတပ်အရာရှိ အစည်းအဝေးကို ပထမဆုံးအကြိမ်ကျင်းခဲ့ပါတယ်။