မြန်မာငြိမ်းချမ်းရေး တရုတ်ပြည် ပါဝင်လှုပ်ရှား
2018.07.12
တရုတ်ပြည်ဟာ မြန်မာအစိုးရနဲ့ နယ်စပ်ဒေသ တိုင်းရင်းသားလက်နက်အဖွဲ့တွေအကြားမှာ ငြိမ်းချမ်းရေး အကျိုးဆောင်အဖြစ် ပါဝင်ဆောင်ရွက်နေတယ်လို့ ဂျပန်နစ်ကေး သတင်းဌာနက ကြာသပတေးနေ့ မနေ့က ရေးသားလိုက်ပါတယ်။
အဲဒီ တိုင်းရင်းသားအဖွဲ့တွေဟာ ငြိမ်းချမ်းရေးညီလာခံတက်ရောက်ဖို့ တရုတ်အာဏာပိုင်တွေရဲ့ အကူအညီနဲ့ တရုတ်ပြည်ကတဆင့် နေပြည်တော်ကို သွားရောက်ခဲ့ကြကြောင်း၊ သူတို့ကို တရုတ်သံရုံးကတဆင့် ဖိတ်ကြားစာတွေ ပို့ခဲ့တာဖြစ်ကြောင်းနဲ့ တရုတ်အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ သူတို့ အင်္ဂါနေ့က တွေ့ဆုံခဲ့ကြောင်း စသဖြင့် ဂျပန် သတင်းမှာ ဖေါ်ပြထားပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့ပါတီအနိုင်ရပြီးနောက် ၂ နှစ်အတွင်း တရုတ်ပြည်ကို သုံးကြိမ်သွားခဲ့ကြောင်း၊ တရုတ်ပြည်အနေနဲ့ အိန္ဒိယသမုဒ္ဒရာကို သွားဖို့အတွက် မြန်မာပြည်ဟာ အရေးကြီးတဲ့ကြားခံဒေသဖြစ်ပြီး နယ်စပ်ဒေသတွေ တည်ငြိမ်ဖို့လိုကြောင်းနဲ့ အဲဒီ နယ်စပ်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးမှာ တရုတ်ပြည် မပါဘဲ အောင်မြင်မှုမရရှိနိုင်ပါဘူးလို့ ကျိုတိုတက္ကသိုလ်ရှိ ဂျပန် ပေါမောက္ခတစ်ဦးက ပြောဆိုကြောင်း စသဖြင့် နစ်ကေးသတင်းမှာ ပါရှိပါတယ်။