စစ်အာဏာရှင်ဆန့်ကျင်ရေး ထိုင်းရောက်မြန်မာတွေ ဆန္ဒပြ

လုဆိုင်း
2021.04.05

ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံက စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ မြန်မာနိုင်ငံသားတွေနဲ့ တထပ်တည်းရှိကြောင်း ချင်းမိုင်မြို့မှာ ဆန္ဒပြဖို့ နေရာအခက်အခဲတွေကြားက ဆန္ဒပြပွဲကို ဖြစ်အောင်လုပ်ခဲ့တယ်လို့ ဆန္ဒပြဦးဆောင်သူ ဒေါက်တာ ကျော်ကျော်မင်းထွဌ်က ပြောပါတယ်။

“နံပါတ်တစ်ပြောရရင် နည်းနည်းခက်ခက်တယ်။ ထိုင်း authorityမှာ နေရာ တောင်းခံတဲ့နေရာမှာ နည်းနည်းလေး အခက်အခဲတော့ ရှိခဲ့တယ်။ နေရာတနေရာကနေ နောက်တနေရာ ကျနော်တို့ ရွှေ့ခဲ့ရတယ်။ မြန်မာနိုင်ငံကလာတဲ့ တိုင်းရင်းသားလူမျိုးစုတွေ အကုန်လုံးက စည်းလုံးမှုတွေ့ရတယ်။ နောက်တစ်ခုက ကျနော်တို့ လုပ်နေတဲ့ကြားထဲက မိုးတွေရွာလာတယ်။ ဒါပေမဲ့ ဘယ်သူကမှ မပြန်ဘဲနဲ့ ဆက်ပြီးတော့ ဆန္ဒဖော်ထုတ်တယ်။ တိုင်းရင်းသားလူမျိုးစုတွေ အကုန်လုံးရဲ့ ရည်ရွယ်ချက်ဟာ တခုတည်းထွက်လာတယ်။ အဲဒါကဘာလဲဆိုလို့ရှိရင် စစ်အာဏာရှင်ကို ဖယ်ရှားရေးပါဘဲ။ ဒါအကုန်လုံးက သဘောတူတဲ့ ကိစ္စပါပဲ”

ချင်းမိုင်မြို့က ထားဖေဂိတ်မှာ ဆန္ဒပြဖို့ ထိုင်းအာဏာပိုင်တွေကို ကြိုတင်တောင်းဆိုခဲ့ပေမယ့် နောက်ဆုံး မီးရထားဘူတာရုံးနားက မြေကွက်လပ်တစ်ခုမှာ ဆန္ဒဖော်ထုတ်ခဲ့ရတယ်လို့ ဒေါက်တာ ကျော်ကျော်မင်းထွဌ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရှိနေတဲ့ ဆန္ဒပြပြည်သူတွေနဲ့ သေဆုံးသွားသူတွေ၊ တိုင်းရင်းသားတွေမှာ ဗုံးကျဲခံရမှုကို ဆန့်ကျင်နေသူတွေနဲ့ စစ်ပြေးဒုက္ခသည်တွေ အားလုံးနဲ့ အတူတကွရှိကြောင်းနဲ့ ပြတာတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီဆန္ဒပြပွဲမှာ ချင်းမိုင်မြို့ရောက် မြန်မာနိုင်ငံသား တိုင်းရင်းသားတွေ လူဦးရေ ၅၀၀ ထက်မနည်း ပါဝင်ခဲ့သလို၊ ဘန်ကောက်မြို့က မြန်မာနိုင်ငံသား ၃၀ ဦးလောက်ကလည်း လာရောက်ပူးပေါင်း ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ထိုင်းအာဏာပိုင်တွေက ကိုဗစ်ရောဂါကြောင့် ဘန်ကောက်မြို့မှာ ဆန္ဒပြပွဲခွင့် ၂ လ ပိတ်ထားတဲ့အတွက် ချင်းမိုင်မြို့ကို သွားရောက်ဆန္ဒဖော်ထုတ်တာဖြစ်တယ်လို့ ဘန်ကောက်မြို့ကနေ ချင်းမိုင်ကိုလာပြီး ဆန္ဒဖော်ထုတ်ခဲ့သူ မြန်မာနိုင်ငံသား မစုက ပြောပါတယ်။

“ဘန်ကောက်မှာဘာလို့ ဆန္ဒပြခွင့်မရလဲဆိုတော့ သူတို့က ကိုဗစ်ကြောင့်တဲ့၊ ညီမတို့ကို နားထားခိုင်းပါတယ်။ အဲဒါကြောင့် ၂ ပတ်နားလိုက်တယ်။ ၂ ပတ်နားပြီးနောက်ထပ်ခွင့်တောင်းတာ သူတို့က ၂ လအတိ ပြန်ပြီးမလုပ်ရပါဘူး၊ လူစုလူဝေးမလုပ်ရပါဘူးဆိုပြီး ညီမတို့ ပိတ်လိုက်ပါတယ်။ အဲဒီလိုဆိုတော့ ချင်းမိုင်ဘက်မှာ တကယ်လို့ ညီမတို့ လာရောက်ပူးပေါင်းရင် အခြေအနေ ဘယ်လိုလဲလို့ မေးတော့ ဆန္ဒပြပိုင်ခွင့်ရှိတယ်လို့ ပြောလို့ ညီမတို့ကလည်း ဘန်ကောက်ယူအန်ဘက်မှာ မပူးပေါင်းရမဲ့ အတူတူပေါ့နော်။ ဒီချင်းမိုင်ဘက်မှာ လာပြီးတော့ ဆန္ဒထုတ်ဖော်ကြပါတယ်ရှင်”

ဆန္ဒပြပွဲမှာ ထိုင်းကျောင်းသား လူငယ်တွေ၊ မြန်မာတိုင်းရင်းသား ကရင်၊ ကရင်နီ၊၊ ရှမ်း၊ ပလောင်၊ ပအိုဝ့်၊ ဗမာ၊ ဂေါ်ရခါး၊ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် စတဲ့ တိုင်းရင်းသားမျိုးနွယ် ကိုယ်စားလှယ်တွေက စစ်အာဏာရှင် ဆန့်ကျင်ရေး မိန့်ခွန်းတွေ ပြောကြားခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ တမိနစ်ငြိမ်သက်ပြီး ဆုတောင်းတာ၊ ကျဆုံးသွားသူတွေကို အလေးပြုတာတွေ ပါဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ချင်းမိုင်မြို့ ကောင်စစ်ဝန်ရုံးရှေ့မှာ ချင်းမိုင်ရောက် မြန်မာနိုင်ငံသားတွေ ရာနဲ့ချီ ဆန္ဒပြတောင်းဆိုမှုတွေ မကြာခဏ ပြုလုပ်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။