ထောင်တွင်း အကျဉ်းသား ၆၀၀ ကျော် ကိုဗစ်ကူးစက်ခံထားရ

2021-08-18
Share
ထောင်တွင်း အကျဉ်းသား ၆၀၀ ကျော် ကိုဗစ်ကူးစက်ခံထားရ နေပြည်တော် အချုပ်ထောင်ရှေ့
Photo - AFP

စစ်အာဏာသိမ်းပြီးနောက် တကျော့ပြန်ကူးစက်လာတဲ့ ကိုရိုနာဗိုင်းရပ်စ် တတိယလှိုင်းအတွင်း တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးက အကျဉ်းသား ၆၀၀ ကျော် ကိုဗစ်ကူးစက်ခံရတယ်လို့ အကျဉ်းဦးစီးဋ္ဌာန ပြောခွင့်ရှိသူ ဦးချမ်းအေးကျော်က RFA ကို ဒီနေ့ ပြောပါတယ်။

" လက်ရှိကုသနေတာက ၁၅ ယောက်ရှိပါတယ်။ ကူးစက်ခံရတာကတော့ ၆၀၀ ကျော်ပေါ့။အဲ့ဒီမှာ ၅၀၀ ကျော်က ပြန်ပြီးတော့ဆေးရုံဆင်းသွားပြီ " လို့ သူက ပြောပါတယ်။

ဒီအရေအတွက်ဟာ မေလ ၂၅ ရက်နောက်ပိုင်း ကူးစက်ခံရတာဖြစ်ပါတယ်။ နိုင်ငံတဝန်းက အကျဉ်းထောင်တွေအတွင်း ကိုဗစ်ကူးစက်ခံရမှုကြောင့် ဇူလိုင်လ ၈ ရက်ကစပြီး အသွားအလာကန့်သတ်မှု Lockdown ချထားပါတယ်။

ထောင်ထဲမှာ ကိုဗစ်ကူးစက်ခံရလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်ဦးဉာဏ်ဝင်း၊ မန္တလေးဆေးတက္ကသိုလ် ခွဲစိတ်အထူးကု ကတိထဆရာဝန်ကြီးဒေါက်တာမောင်မောင်ငြိမ်းထွန်း တို့အပါအဝင် ထောင်တွင်း ဖမ်းဆီးခံထားရသူတချို့ သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ၊ မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို ၊ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဋ္ဌာန ပါမောက္ခဒေါက်တာမော်မော်ဦး တို့လို လူသိများတဲ့ ပုဂ္ဂိုလ်တွေလည်း ကိုဗစ်ကူးစက်ခံထားရပါတယ်။

၂၀၂၀ ခုနှစ် ပြည်ထဲရေးဝန်ကြီးဋ္ဌာနရဲ့ စာရင်းတွေအရ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကျဉ်းထောင် ၄၆ ခု၊ အချုပ်ထောင် ၂၀၊ စိုက်/မွေးစခန်း ၃၀၊ ကုန်ထုတ်စခန်း ၁၈ ခုနဲ့ ပြုပြင်ပြောင်းလဲရေးစခန်း ၂ ခု ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့