မြန်မာ့ ဆန် သီရိလင်္ကာကို ရောင်းမည်
2017.07.16
မြန်မာ့နိုင်ငံက ဆန်ကို တွေ့ရစဉ်
သီရိလင်္ကာနိုင်ငံက ဆန်ပြတ်လပ်လာနိုင်မယ့် ဘယ်အလားအလာမျိုးကိုမဆို ချက်ချင်း ကျော်လွှားနိုင်အောင် ဆန် မက်ထရစ်တန်ချိန် ငါးသောင်း ငါးထောင် တင်ပို့ဖို့ ပါကစ္စတန်နဲ့ မြန်မာနိုင်ငံတို့ သဘောတူညီ လိုက်ကြပါတယ်။
သီရိလင်္ကာနိုင်ငံက တာဝန်ရှိသူလေးဦးပါဝင်တဲ့ အဖွဲ့ဟာ ဆန်ဝယ်ယူရေးဆွေးနွေးဖို့ မြန်မာနိုင်ငံကို ရောက်လာ သလို ပါကစ္စတန်ကိုလည်း သွားပါတယ်။
ပါကစ္စတန်က ဆန်မက်ထရစ်တန်ချိန် နှစ်သောင်းခွဲချက်ချင်း တင်ပို့ဖို့ သဘောတူညီတယ်လို့ စက်မှုနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူ တစ်ယာက်က ပြောပါတယ်။
အပြီးသတ်ဈေးသတ်မှတ်ပြီးရင် မြန်မာနိုင်ငံကလည်း ဆန် မက်ထရစ် တန်ချိန် သုံးသောင်း ချက်ချင်းတင်ပို့ဖို့ အသင့်ပဲလို့လည်း သူကပြောပါတယ်။
ပါကစ္စတန်က ဆန်နမူနာကို စစ်ဆေးပြီး ကြိတ်ခွဲကြည့်တဲ့အခါ အရည်အသွေးကောင်းမွန်တယ်လို့ ဆိုပါတယ်။
မြန်မာ့ဆန်ကလည်း အရည်အသွေးကောင်းပေမယ့် ပြန်ကြိတ်ဖို့လိုအပ်ပြီး ကိုလံဘိုကို မတင်ပို့ခင် ဆန်ပြန်ကြိတ်ဖို့ အဆင်သင့်ပဲလို့ ဆိုပါတယ်။









