အိုင်ဗရီကို့စ်က ဆန်ကိစ္စ ထိခိုက်မှုမရှိကြောင်း ဆန်စပါးအသင်းချုပ်ပြော


2019.04.22
myanmar-rice-federation-press-622.jpg မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် သတင်းစာရှင်းလင်းပွဲကို ၂၀၁၉၊ ဧပြီ ၂၂ ရက်နေ့က ကျင်းပစဉ်
Photo: Thant Zin Oo/ RFA

အိုင်ဗရီကို့စ်နိုင်ငံမှာ စားသုံးဖို့မသင့်လို့ဆိုပြီး မြန်မာ့ဆန်ကို ဖျက်ဆီးခဲ့တဲ့ကိစ္စကြောင့် မြန်မာနိုင်ငံရဲ့ ဆန်စပါးတင်ပို့မှု ဈေးကွက်မှာ တောင်သူလယ်သမားတွေအပေါ် တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူတွေက ဒီနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှာရှိတဲ့ ဒီကနေ့ ညနေက ကျင်းပတဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိပြည်တွင်း ဈေးကွက်မှာ ဆန်စပါးဈေး ကျနေတာကလည်း အဲဒီဖြစ်စဉ်ကြောင့်မဟုတ်ဘဲ ကမ္ဘာ့ဆန်စပါးဈေး ကျနေတဲ့အတွက်ကြောင့်သာ ဖြစ်တယ်လို့ အသင်းချုပ် တာဝန်ရှိသူတွေက ပြောပါတယ်။

အိုင်ဗရီကို့စ်နိုင်ငံအနေနဲ့ သက်ဆိုင်ရာနိုင်ငံက တာဝန်ရှိသူတွေကို အကြောင်းမကြားဘဲ အခုလို ဖျက်ဆီးလိုက်တဲ့အပေါ်ကိုတော့ နှစ်နိုင်ငံ သံတမန်နည်းလမ်းအရ ဆက်သွယ်ပြီး ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆန်စပါးအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အာဖရိကမှာ ဖျက်ဆီးခံလိုက်ရတဲ့ မြန်မာ့ဆန်တွေဟာ မြန်မာကုမ္ပဏီ ၃ ခုဖြစ်တဲ့ ဦးပိုင်ရဲ့ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း (MEC)၊ ရွှေဝါရောင်ကုမ္ပဏီနဲ့ ဧရာဟင်္သာကုမ္ပဏီတို့က ရန်ကုန်အခြေစိုက် Olam International စင်္ကာပူကုမ္ပဏီကို ရောင်းချခဲ့တာဖြစ်ပါတယ်။

ရွှေဝါရောင်ကုမ္ပဏီရဲ့ မန်နေးဂျင်း ဒါရိုက်တာ ဦးလူမော်မြင့်မောင်က သူတို့ကုမ္ပဏီက တင်ပို့လိုက်တဲ့ဆန်တွေဟာ အရည်အသွေးပြည့်မီတဲ့ ဆန်တွေဖြစ်ကြောင်း ပြန်လည်ဝယ်ယူတဲ့ကုမ္ပဏီနဲ့ သယ်ယူတဲ့သင်္ဘောလိုင်းရဲ့ ချို့ယွင်းမှုကြောင့် အခုလိုရက်ကြာပြီး ဖျက်ဆီးခံရတာဖြစ်လို့ လက်ရှိဆန်တင်ပို့နေမှုကို ထိခိုက်မှုမရှိကြောင်း RFA ကို ပြောပါတယ်။

အဲဒီဖျက်ဆီးခံလိုက်ရတဲ့ ဆန်တွေကို ရွှေဝါရောင်ကုမ္ပဏီက တန် ၁၃,၅၀၀ ၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း MEC က တန် ၈,၀၀၀ နဲ့ ဧရာဟင်္သာ ကုမ္ပဏီက တန် ၅၀၀ စုစုပေါင်းတန် ၂၂,၀၀၀ တင်ပို့တာဖြစ်ပြီး မိုးတွင်းဘက်ဖြစ်တဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာစတင်ပြီး မြန်မာနိုင်ငံက ထွက်ခွာသွားခဲ့တာဖြစ်လို့ အာဖရိကကို ရောက်တဲ့အချိန်မှာ လအတော်ကြာနေပြီ ဖြစ်တယ်လို့ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး မနက်ဖြန် ဧပြီလ ၂၃ ရက်နေ့မှာလည်း နေပြည်တော်မှာ စီးပွားကူးသန်း တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်၊ ဆန်တင်ပို့သူတွေ၊ အရည်အသွေးစစ်တဲ့ အေဂျင်စီတွေပါတဲ့ အစည်းအဝေး တစ်ခု ကျင်းပသွားဖို့ရှိတယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။