မြန်မာနဲ့ ရုရှား နျူကလီယားစွမ်းအင် ပူးပေါင်းဆောင်ရွက်


2015.03.27

မြန်မာနဲ့ ရုရှနိုင်ငံကြား နျူကလီယား အနုမြူစွမ်းအင် ပူးပေါင်းဆောင်ရွက်ရေး ထပ်မံအတည်ပြု သဘောတူညီ ခဲ့ကြကြောင်း WNN ကမ္ဘာ့နျူကလီယားသတင်းဌာန က ဖေါ်ပြပါတယ်။

ရုရှရဲ့ ရိုဆာတွမ် Rosatom အမည်ရှိ နိုင်ငံပိုင် အနုမြူစွမ်းအင် ကော်ပိုရေးရှင်း လက်ထောက်ညွှန်ကြားရေးမှူး နီကိုလေ စပက်စကီရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံ အနုမြူစွမ်းအင် ပူးပေါင်းဆောင်ရွက်ကြဖို့ မနေ့က ထပ်မံသဘောတူညီခဲ့ကြတာဖြစ်ပါတယ်။

မစ္စတာ နီကိုလေဟာ မြန်မာအစိုးရ ဒုသမ္မတ ဦးဉာဏ်ထွန်း၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံခဲ့ပြီး၊ သိပ္ပံနဲ့နည်းပညာဝန်ကြီး ဦးကိုကိုဦး၊ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးခင်မောင်စိုးတို့နဲ့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ဆွေးနွေးရာမှာ အနုမြူစွမ်းအင်ကို ငြိမ်းချမ်းတဲ့နည်းနဲ့ အကျိုးရှိအောင် ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတဲ့အပေါ် ဦးတည်ဆွေးနွေးခဲ့ကြကြောင်း၊ တရားဝင်မူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်ရေးနဲ့ သင်တန်းပို့ချရေးအပါအဝင်၊ အဆင်ြ့မင့် အနုမြူနည်းပညာ သုံးစွဲရေးမှာ သင့်တော်တဲ့အခြေအနေတွေ ဖန်တီးဖို့အတွက် ခိုင်မာတဲ့အစီအစဉ်တွေ ချမှတ်ဖို့ သဘောတူညီခဲ့ကြကြောင်း ရိုဆာတွမ် အနုမြူစွမ်းအင်ကော်ပိုရေးရှင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်၊ မေလက မြန်မာနိုင်ငံမှာ အနုမြူသုတေသနဌာနတစ်ခုထူထောင်ဖို့ နှစ်နိုင်ငံ သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲဒီ့ သဘောတူညီချက်မှာ ယူရေနီယံ အားဖြည့်ဓါတ်ပေါင်းဖိုတစ်လုံး၊ သုတေသန ဓါတ်ခွဲခန်းတစ်ခု၊ ဆေးဘက်ဆိုင်ရာ အိုင်ဆိုတုပ်ထုတ်လုပ်ရေး ဓါတ်ခွဲခန်းတစ်ခု တည်ဆောက်ရေးတွေ နဲ့ အနုမြူအညစ်အကြေး ထိန်းသိမ်းမြှုပ်နှံရေး အစီအစဉ်တွေပါဝင်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၅၇ ခုနှစ်က နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ အဖွဲ့ဝင်ဖြစ်ခဲ့ပြီး၊ ၁၉၉၂ ခုနှစ်မှာ NPT ခေါ် အနုမြူ မပြန့်ပွားရေးစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။