ရုရှားငါးဖမ်းသင်္ဘောနစ်မြုပ်မှု အလောင်း ၁၆ လောင်း ရန်ကုန်လေဆိပ် ရောက်ရှိ


2015.04.16
myanmar-seamen-corpse-305.jpg ရုရှားသဘောၤနစ်မြုပ်မှုမှာ အသက်ဆုံးသွားတဲ့ မြန်မာ ၁၆ ဦးရဲ့ ရုပ်အလောင်းတွေကို ဧပြီလ ၁၆ ရက်နေ့က ရန်ကုန်လေဆိပ် မှာ တွေ့ရစဉ်
Photo: RFA

အခုလ ၁ ရက်နေ့က ရုရှားနိုင်ငံရေပိုင်နက်အတွင်း Dalniy Vostok ငါးဖမ်းသဘောၤမှောက်နစ်မြုပ်ရာ မှာ သေဆုံးသွားခဲ့တဲ့ မြန်မာသင်္ဘောသား ၁၆ ဦးရဲ့ ရုပ်အလောင်းတွေ ဒီကနေ့ မြန်မာနိုင်ငံ ရန်ကုန်လေ ဆိပ်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေက အလောင်း ထုတ်ယူပြီး သက်ဆိုင်ရာမြို့နယ်တွေမှာ နေ့ချင်း သဂြိုဟ်သွားမှာဖြစ်တယ်လို့ သေဆုံးသူ သင်္ဘော သားတစ်ဦးဖြစ်သူ ကိုကောင်းမြတ်ထွန်းရဲ့ အစ်မ မဥမ္မာဆွေက ပြောပါတယ်။

"ဒီတစ်ခေါက် လောလောလောလောနဲ့ တက်သွားတာပေါ့နော်၊ ၃ လပဲရှိသေးတယ်၊ သူတိုးတက်ဖို့အတွက် လွှတ်လိုက်တာပေါ့နော်၊ မထင်မှတ်ပဲနဲ့ အဲ့လိုအဖြစ်ဆိုးသွားတော့ ခံစားရတာပေါ့နော်၊ ဒါပေမဲ့ အလောင်းသဂြိုဟ်ခွင့်ရတာကတော့ ဖြေသာပါတယ်၊ မနက်ဖြန်ဆို နှစ်ကူးဆိုတော့ ဒီနေ့သဂြိုဟ်မှာပေါ့နော်၊ လူစုခွဲပြီးတော့ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်နေကြတာပေါ့နော်၊ သန်လျင်မှာသဂြိုဟ် မှာပေါ့နော်"

သေဆုံးသွားတဲ့ သဘောၤသားရုပ်အလောင်းတွေကို နာရေးကူညီမှုအသင်း(ရန်ကုန်) နဲ့ သင်္ကန်းကျွန်းမြို့နယ် လူမှုကူညီရေးအသင်းတို့က လာရောက်သယ်ဆောင်ပေးပြီး သဂြိုဟ်ရေးအတွက် ကူညီပေးသွားမှာ ဖြစ်ပါတယ်။

သေဆုံးသွားသူတွေထဲက ၄ ဦးရဲ့ နေရပ်ဖြစ်တဲ့ မအူပင်၊ မြင်းခြံ၊ သံလျင်၊ ဒလမြို့နယ်တွေအထိလည်း အလောင်းတွေကို လိုက်လံပို့ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။

ရုရှငါးဖမ်းသင်္ဘောနစ်မြုပ်ရာမှာ စုစုပေါင်း သင်္ဘောသား ၁၃၂ ဦးပါဝင်ပြီး မြန်မာသင်္ဘောသားက ၄၂ဦးဖြစ်ပါ တယ်။ အဲဒီအထဲက မြန်မာသင်္ဘောသား ၂၀ ဦးသေဆုံးခဲ့တာဖြစ်ပြီး ၄ဦးကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

အသက်ရှင်ကျန်ခဲ့တဲ့ မြန်မာသဘောၤသား ၂၂ ဦးဟာ ဧပြီလ ၁၂ ရက်နေ့ညက မြန်မာနိုင်ငံကို ပြန်လည်ရောက် ရှိလာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။